တောင်ဒဂုံ အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်ခံရပြီးနောက် အခြားမြို့နယ်ကရုံးတွေ တံခါးပိတ်ပြီး အလုပ်လုပ်နေကြ

by

in

တောင်ဒဂုံ အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်ခံရပြီးနောက် အခြားမြို့နယ်ကရုံးတွေ တံခါးပိတ်ပြီး အလုပ်လုပ်နေကြ
BAP၊ စက်တင်ဘာ ၂၂။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်ပစ်ခတ်ခံခဲ့ရပြီးတဲ့နောက် အခြားမြို့နယ်ကရုံးတွေ တံခါးပိတ်ပြီး အလုပ်တွေလုပ် နေကြရတယ်လို့ အခုရက်ပိုင်းမှာ ရပ်ကွက်အုပ်ချုပ်ရေး မူးရုံးကို ရောက်ခဲ့သူတွေက ပြောပါတယ်။
“ဧည့်စားရင်းတိုင်တာတောင် သံဇကာအပြင်ဘက်ကနေ စာရွက်လှမ်းပေးပြီးတိုင်ရတယ် ၊ အရင်ကဆို သူတို့ရုံး စားပွဲတွေထိ သွားလို့ရတယ်” လို့ ရန်ကုန်မြို့ သာကေတမြို့နယ်နေသူတဦးက ပြောပါတယ်။
စက်တင်ဘာ ၂၁ ရက်က တောင်ဒဂုံမြို့နယ် (၁၀၇) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့သေဆုံးခဲ့ပြီး ရုံးအကူတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ Anonymous Force (ရန်ကုန်စစ်ဒေသခွဲ – PRF)က အသိပေးထားပါတယ်။
ပြည်သူလူထုကို အဓမ္မ ဖိနှိပ် နှိပ်စက်နေတဲ့ စစ်ကောင်စီလက်ပါးစေ အုပ်ချုပ်ရေးမှူးတွေနဲ့ ပတ်သက်ပြီး ဆက်သွယ်သတင်းပေးပို့နိုင်တယ်လို့လည်း သူတို့က အသိပေးထားပါတယ်။
ရန်ကုန်မြို့က စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမူးရုံးတွေဟာ ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ထောင်ဂဏန်းကနေ သိန်းဂဏန်းထိ တောင်းခံနေကြတာဖြစ်ပါတယ်။
“မှတ်ပုံတင်လုပ်ဖို့ ရပ်ကွက်ထောက်ခံစာယူတာတောင် နယ်မြေမူးလက်မှတ်အရင်ထိုးပေးရတယ်၊ ပြီးရင် ရုံးရောက်တော့လည်း ထပ်တောင်းကြသေးတယ်၊ စစ်ရှောင်တွေဆိုလည်း လက်မခံချင်ဘူး၊ စားအုန်းဆီစာအုပ် လုပ်တာကအစ သူ့လူနဲ့သူပဲပေးကြတာ၊ ပြည်သူကို နှိပ်စက်နေတဲ့အုပ်ချုပ်ရေးမူးတွေ ‌ေ- တာကောင်းတယ်” လို့ တောင်ဒဂုံမြို့နေသူတဦးက ပြောပါတယ်။
ရန်ကုန်မြို့က အုပ်ချုပ်ရေးမူးရုံးတွေရှေ့မှာ အရပ်ဝတ်နဲ့စစ်ကောင်စီအဖွဲ့တွေရှိနေသလို အချို့ရုံးတွေက အထဲထိ ပေးမဝင်တော့ဘဲ သေချာစစစ်နေကြတာပါ။
တောင်ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ၀င်ရောက်စီးနင်တိုက်ခိုက်မှုကို “Cheetah Operation” က ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး ရဲဘော်တွေ တစ်စုံတစ်ရာ ထိခိုက်မှု မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပုံစာ- တောင်ဒဂုံမြို့နယ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့မှုကို စစ်တပ်က ဖြိုခွင်းခဲ့မှု
Burma Associated Press