ရှမ်းတောင်တွင် ရေဘေးကြောင့် လူသေဆုံးမှု များနေသော်လည်း စစ်ကောင်စီက စစ်သားစုဆောင်းမှု လုပ်ဆောင်နေ

by

in

ရှမ်းတောင်တွင် ရေဘေးကြောင့် လူသေဆုံးမှု များနေသော်လည်း စစ်ကောင်စီက စစ်သားစုဆောင်းမှု လုပ်ဆောင်နေ
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ရေဘေးကြောင့် လူ ၁၀၀ ကျော် သေဆုံး၍ အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသော်လည်း စစ်ကောင်စီကမူ စစ်သားသစ် စုဆောင်းမှု လုပ်ဆောင်နေကြောင်း ဒေသခံနှင့် အရပ်ဖက် အဖွဲ့အစည်းတို့ထံက သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်မှ စတင်၍ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့်​ ရှမ်းတောင်ရှိ မြို့နယ်၊ ကျေးရွာ အများစုတွင် ရေကြီးခြင်း၊ တောင်ပြိုခြင်းနှင့် မြေပြိုခြင်းများ ရုတ်တရက် ဖြစ်ပေါ်လာကာ ဒေသခံပြည်သူများ၏ နေအိမ်များ ပျက်စီးခြင်း၊ လူသေဆုံးခြင်းနှင့် ပျောက်ဆုံးခြင်းများ ဖြစ်ပွါးလျှက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒေသခံပြည်သူများ ရွာလုံးကျွတ် တိမ်းရှောင်နေရပြီး မြေပြင်တွင် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်းတို့ကြောင့် အရေးပေါ် ကူညီကယ်ဆယ်ရေးများ မရရှိဘဲ လက်ရှိအထိ ရေဘေးသင့်ဆဲ ကျေးရွာပေါင်း ၂၀၀ နှင့်အထက် ရှိနေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ထံက သိရသည်။
“စစ်ကောင်စီအနေနဲ့ ရှမ်းတောင် ရေဘေးသင့် ပြည်သူတွေကို ကူညီကယ်ဆယ်ရေးအပိုင်း အခုချိန်ထိ မတွေ့ရသေးဘူး။ မင်းအောင်လှိုင် ဆီဆိုင်ကို လာပြီးနောက်ပိုင်း မြို့ပေါ်ရပ်ကွက်ရှိ အသက်ပြည့်သူတွေကို စစ်သားစုဆောင်းမှု လုပ်ဆောင်နေတာ တွေ့ရတယ်။ ဟိုပုံးမြို့မှာ စစ်သင်တန်း စလုပ်မယ်လို့ ကြားသိရတယ်” ဟု PYO တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် ရာဂီတိုင်ဖုန်း မုန်တိုင်းအရှိန်ကြောင့် ရှမ်းတောင်ရှိ တောင်ကြီး၊ ပင်လုံ၊ လွိုင်လင်၊ မိုင်းပွန်၊ ဗန်းမက်၊ မောက်မယ်၊ ဟိုပုံး၊ ဆီဆိုင်၊ ညောင်ရွှေ၊ ကလော၊ ရပ်စောက်၊ ဖယ်ခုံ၊ ပင်လောင်း စသည့်မြို့နယ်တို့တွင် ထိခိုက်ပျက်စီး၍ ရေဘေးသင့်ပြည်သူ အနည်းဆုံး တစ်သိန်းခန့်ရှိကြောင်း သိရသည်။
ယင်းအပြင် ရေဘေးသင့်ဆဲ ကျေးရွာပေါင်း အနည်ဆုံး ၁၅၀ ကျော်ရှိကာ လူဦးရေ ၁၄၀ ဦး သေဆုံး၍ အများအပြား ပျောက်ဆုံးနေပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေရာထိုင်ခင်းများ အရေးပေါ် လိုအပ်နေကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“ရေဘေး အခြေအနေက ညောင်ရွှေနဲ့ အင်းလေးဘက်ခြမ်းဘက်မှာ လက်ရှိရေမတတ်တဲ့နေရာ၊ အထပ်မြင့်တွေ ဘုန်းကြီးကျောင်းတွေကို ရှောင်ရတာ ရှိပါတယ်။ တောင်ကြီးမြို့ပေါ်ကလာတဲ့ အလှူရှင်တွေပေါ် မူတည်ပြီး ရိက္ခာကို ဖြေရှင်းနေရတာလဲ ရှိပါတယ်” ဟု အင်းလေးဒေသခံ မ Ivy က ဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော် အလှူရှင်များ၏ ပစ္စည်းများသည် ရေဘေးသင့်သူ အားလုံးအပေါ်ခြုံငုံမိရန် နည်းနေသေးပြီး ရေမကျသေးသော ရွာများတွင် အကူအညီရရန် ခက်ခဲနေသလို ဖုန်းလိုင်း ဖြတ်တောက်ခံရမှု၊ လမ်းတံတားများ ပျက်စီးမှုကြောင့် တချို့နေရာများကို ဆက်သွယ်၍ မရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် အင်းလေးအတွက် ဝိုင်းဝန်းကြိုးစား ကူညီနေသော်လည်း အလှူငွေ လက်ခံသူများနှင့် ပတ်သက်၍ လိမ်လည်သူများ ပါဝင်နေသော သတင်းများလည်း ကြားသိရသောကြောင့် အလှူရှင်များအနေဖြင့် သတိပြုကာ ပိုဝေးသော ရွာများဆီ ကူညီပေးနိုင်ရေး စဉ်းစားပေးစေလိုကြောင်း ဒေသခံများထံက သိရသည်။
“ရေဘေးစဖြစ်ကတည်းက ဒီနေ့ထိ အကူညီမရောက်သေးတဲ့ ရွာတချို့ ကျန်ပါသေးတယ်။ ကမ်းနဘေးက ရွာတွေအနေနဲ့က အလှူရှင်တွေရောက်ဖို့ လွယ်ကူတာမို့ ကျန်နေသေးတဲ့၊ ဝေးလံ‌တဲ့နေရာမှာ အသက်ကြီးသူနဲ့ ကလေးတွေက စိုးရိမ်နေရတယ်” ဟု အင်းလေးဒေသခံ တစ်ဦးက ပြောသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အပေါင်းအပါများသည် သေကြေပျက်စီးမှုများသည့် ရေဘေးအတွက် ကူညီကယ်ရေးနှင့် ပြည်လည်ထူထောင်ရေး လုပ်ရန်ထက် ဆုံးရှုံးထားသောနယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်တိုက်ရန်ကြိုးစားနေသည့်အတွက် ဝေဖန်မှုများနှင့် ကြုံနေရခြင်းလည်း ဖြစ်သည်။
#ရှမ်းတောင် #ရေဘေး #လူသေဆုံးမှု #စစ်ကောင်စီ #စစ်သားစုဆောင်းမှု
#Ayeyarwaddy_Times