ပုသိမ်မှာ ရဲတပ်ကြပ်ကြီးက ဒုရဲမှူးကြီးနဲ့ ရဲမှူးတွေကို ဓားနဲ့ လိုက်ထိုး၊ ဒုရဲမှူးတစ်ဦးသေဆုံး

by

in

ပုသိမ်မှာ ရဲတပ်ကြပ်ကြီးက ဒုရဲမှူးကြီးနဲ့ ရဲမှူးတွေကို ဓားနဲ့ လိုက်ထိုး၊ ဒုရဲမှူးတစ်ဦးသေဆုံး
CJ Platform
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်ရဲစခန်းမှာ ရဲတပ်ကြပ်ကြီးက ဒုရဲမှူးကြီးအပါအဝင် ဒုရဲမှူးတွေကို ဒီကနေ့ မနက် ၄ နာရီခန့်မှာ ဓားနဲ့ လိုက်ထိုးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ ဒုရဲမှူး အောင်ကိုမင်းဟာ အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ CJ Platform ရဲ့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ထံကနေ သိရပါတယ်။
ဖြစ်စဉ်ကတော့ အမှတ်(၁၅)တပ်ဖွဲ့ခွဲ(ဧရာဝတီ)မှ တပ်ကြပ်ကြီး မင်းမင်း (ပုသိမ် နယ်မြေ)ကို ထိန်းသိမ်းထားချိန် အိပ်နေတဲ့ ဒုရဲမှူး အောင်ကိုမင်းနဲ့ ဒုရဲမှူး ဇော်မင်းတို့ကို ခြောက်လက်မခန့်ရှိ မီးဖိုချောင်သုံးဓားနဲ့ ထိုးခဲ့တာပါ။
ဒါကြောင့် ဒုရဲမှူး အောင်ကိုမင်းမှာ လည်ပင်းထိုးသွင်း ဒဏ်ရာ တစ်ချက်နဲ့ ဒုရဲမှူး ဇော်မင်းမှာ ဝဲဘက်ရင်ဘက် ရှပ်ထိဒဏ်ရာတို့ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် ကင်းတာဝန်ကျနေတဲ့ တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခြိမ်းခြောက်ပြီး စစ်ဆေးရေးအဖွဲ့ရုံးသို့ ဝင်ရောက်ပြီး ဒုရဲမှူးကြီး သန့်ဇော်ထွန်းနဲ့ ယာယီ ဒုရဲမှူးကြီး နေအောင်လင်းတို့ကို ဓားနဲ့ ထိုးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ယာယီ ဒုရဲမှူးကြီး နေအောင်လင်းဟာ ဝမ်းဗိုက်နဲ့ ပေါင်တို့မှာ ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
အဲဒီမှာ ဒဏ်ရာရသွားတဲ့ ယာယီဒုရဲမှူးကြီး နေအောင်လင်းနဲ့ ဒုရဲမှူး ဇော်မင်းတို့ကို ပုသိမ်ပြည်သူ့ဆေးရုံကြီးသို့ မနက် ၄ နာရီ ၁၅ မိနစ်ခန့်က ပို့ဆောင်ခဲ့ပါတယ်။
ဒုရဲမှူးကြီးတွေအပါအဝင် ဒုရဲမှူးတွေကို ဓားနဲ့ထိုးသွားသူကတော့ စခန်းတွင်းကနေ ထွက်ပြေးခဲ့ပေမယ့် ပြန်လည် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
🖋ကိုထားဝယ်