ရေဘေးလှူတဲ့ KBZ pay အကောင့်တချို့ကို ငွေကြေးချဝါချတယ်ဆိုပြီး စစ်ကောင်စီလက်ဝေခံ KBZ ဘဏ်ပိတ်ပင်

by

in

ရေဘေးလှူတဲ့ KBZ pay အကောင့်တချို့ကို ငွေကြေးချဝါချတယ်ဆိုပြီး စစ်ကောင်စီလက်ဝေခံ KBZ ဘဏ်ပိတ်ပင်
CJ Platform

မြန်မာနိုင်ငံတဝန်း အဆိုးရွားဆုံးရေဘေးဒဏ်ခံဒေသတွေဆီ စစ်ကောင်စီလက်ဝေခံ ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်တဲ့ ကမ္ဘာဇဘဏ်ရဲ့ KBZ pay မှတစ်ဆင့် လှူဒါန်းသူတွေရဲ့ အကောင့်တွေကို စစ်ကောင်စီက ပိတ်ပင်နေတယ်လို့ အပိတ်ခံရသူတွေက CJ Platform သို့ ပြောပါတယ်။
KBZ pay ရဲ့ စနစ်အရ ငွေလွှဲရာတွင် ရေးသားပေးရတဲ့မှတ်ချက်မှာ အများစုက “ရေဘေးအလှူ” ဆိုပြီး ရေးသားကာ လူသားချင်းစာနာမှုအနေနဲ့ ပြည်သူတွေရဲ့ လှူဒါန်းမှူကို ငွေကြေးခဝါချတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လိုက်လံပိတ်ပင်နေတာပါ။
အခုလို KBZ ဘဏ်အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းကာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့အတွက် ဘဏ်အပေါ် အလွန်စိတ်ပျက်မိတယ်လို့ အမည်မဖော်လိုတဲ့ KBZ pay အကောင့်ပိတ်ခံရသူတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“မဟုတ်တာလည်း လုပ်နေတာမဟုတ်ဘူး။ တစ်နိုင်ငံလုံးဒုက္ခရောက်နေကြတာ။ ရေဘေးလှူတာ ဘာအပြစ်ရှိတာလဲ။ ငွေကြေးခဝါချရအောင် ကိုယ့်လုပ်အားနဲ့ကိုယ် တတ်နိုင်သလောက်လေးလှူတာ။ ဖုန်းဆက်မေးတော့လည်း ခဏပိတ်ထားတယ်ပဲပြောတာ။ လောလောဆယ် ဘာမှလုပ်ပေးလို့မရဘူးတဲ့။ သေချာတာကတော့ ပြန်မရတော့ဘူး။ ဘဏ်ကို အတော်စိတ်ပျက်သွားပြီ” လို့ ၎င်းက ပြောဆိုပါတယ်။
KBZ ဘဏ်ဘက်ကနေ သုံးစွဲသူတွေရဲ့အကောင့်ကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ သံသယဖြစ်ဖွယ်ရှိတယ်လို့ဆိုကာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ယာယီတားမြစ်ထားကြောင်း အသိပေးလာတာဖြစ်တယ်လို့ အပိတ်ခံရသူတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကစလို့ အကောင့်ပိတ်ပင်ခံရသူအများအပြားဟာ လူမှုကွန်ရက်ပေါ် ကျယ်ကျယ်ပြန့်ပြန့်ရေးသားပြောဆိုမှုတွေ ပြုလုပ်လာနေကြပါတယ်။
အကောင့်အချင်းချင်း ငွေလွှဲပြောင်းရာမှာ ကျပ် သောင်းဂဏန်းကနေ သိန်းဂဏန်းအထိရှိတဲ့ အကောင့်တွေကို ဦးစားပေးစောင့်ကြည့်ပိတ်ပင်တာဖြစ်နိုင်တယ်လို့ အကောင့်အပိတ်ခံခဲ့ရသူ ပြည်ပရောက်အမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။
“ရိုးရိုးသားသားရှာထားတဲ့ငွေတွေ၊ ရိုးရိုးသားသားပဲ လိုအပ်တဲ့နေရာကိုလှူတာ။ မှတ်ချက်မှာ ရေဘေးအလှူဆိုပြီး လှူလိုက်တာပဲရှိတယ်။ PDF ထောက်ပို့တယ်ထင်ပြီး ရောချပြီး ပိတ်သလားတော့မသိပါဘူး။ ကိုယ့်ပိုက်ဆံနဲ့ကိုယ်တောင် ခက်လိုက်တာ၊ စိတ်ညစ်စရာကြီး” လို့ သူမက ပြောပါတယ်။
တချို့အကောင့်တွေကိုတော့ ပိတ်ပင်တာမရှိသေးဘူးလို့လည်း ရေဘေးအတွက် ပါဝင်လှူဒါန်းခဲ့ပြီး အကောင့်အပိတ်မခံရတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“လိုင်းပေါ်မှာရော၊ တချို့အသိတွေရော ပိတ်ခံရတဲ့သတင်းတွေကြားတယ်။ ကျွန်မကတော့ မနေ့က တစ်သိန်းလှူလိုက်တယ်။ လက်ရှိအချိန်ထိတော့ ငွေလွှဲလို့ရသေးတယ်။ ဘာမှတော့မဖြစ်သေးဘူး။ လူအများစုက အပိတ်ခံနေရတာဆိုတော့ ကိုယ်လည်းအကောင့်မှာ ငွေမထည့်ရဲတော့ဘူး” လို့ ၎င်းက ပြောပါတယ်။
ရေဘေးအလှူလို့ မှတ်ချက်ထည့် ငွေလွှဲအကောင့်အများစုကို ငွေကြေးခဝါချမှု သံသယစွပ်စွဲချက်နဲ့ စစ်ကောင်စီအလိုကျ KBZ ဘဏ်က ပြည်သူတွေရဲ့ ချွေးနှဲစာကို အနိုင်ကျင့် သိမ်းယူထားတာ ဖြစ်တယ်လို့ အကောင့်ပိတ်ခံထားရသူတွေက ပြောပါတယ်။
ဒီလိုအကောင့်တွေကိုပိတ်နေတဲ့ ကမ္ဘောဇဘဏ်က နိုင်ငံအတွင်း ရေဘေးသင့် ပြည်သူများကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက်လို့ဆိုကာ ကျပ် ၁၀ ဘီလျံ မတည် လှူဒါန်းခဲ့တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် အဲဒီမတည်ငွေပြည့်အောင် ပြည်သူတွေရဲ့အကောင့်ကို လိုက်လံပိတ်ပင်နေတာများလားလို့ လူမှုကွန်ရက်အသုံးပြုသူတွေက ကမ္ဘောဇဘဏ်အပေါ်မေးခွန်းထုတ်ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
🖋သုတ
ဓာတ်ပုံ – ပေးပို့
ပုံစာ- ရေဘေးအတွက် လှူဒါန်းလို့ ပိတ်ပင်ခံရတဲ့ သုံးစွဲသူတစ်ဦးရဲ့ အကောင့်