မုံရွာမှာ ပြန်ဆုံမယ် စစ်ဆင်ရေး ကနဦးအဖြစ် နမခ ကို တိုက်ခိုက်၊
ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ခုနစ်ဦး သေ ဟုဆို၊
စစ်ဆင်ရေး တွေ ထပ်ရှိလာဦးမယ်လို့ ပြော၊
MN/MFP ၊ စက်တင်ဘာ – ၁၇
“မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ စစ်အုပ်စုရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို စက်တင်ဘာလ (၁၁) ရက်က တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ခုနစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ Chindwin Rocket Brothers-CRB အဖွဲ့ တာဝန်ခံ ကိုဇော်ဇော် က MFP ကို ပြောပါတယ်။
စစ်အုပ်စုရဲ့ မုံရွာ နမခ ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး၊ ရှော့တိုက် ရော့ကတ် ၂၀ ကျော်နဲ့ အဆိုပါနေ့ ည ၇ နာရီခွဲမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး နမခ စစ်တိုင်းရုံးထဲ ကျရောက်ပေါက်ကွဲကာ စစ်အုပ်စု အသေအပျောက် များပြီး အဆောက်အဦးတွေလည်း ထိခိုက်ပျက်စီးတယ်လို့ ဆိုပါတယ်။
“စစ်ရေးပစ်မှတ်တွေကို အတိအကျ ပစ်ခတ်နိုင်ခဲ့ပါတယ်ဗျ။ ထိခိုက် သေဆုံးကတော့ ဗိုလ်ကြီးအဆင့် တစ်ယောက်၊ အကြပ်တစ်ယောက်နဲ့ ရိုးရိုးစစ်သည် ငါးယောက် သေဆုံးတယ်လို့ ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါတယ်ဗျ။ ဒီထက် မကလည်း ထိခိုက်သေဆုံး နိုင်ပါသေးတယ်။ သူတို့(စစ်အုပ်စု) တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရလို့ နေပြည်တော် စစ်ရုံးချုပ်ကနေ (မုံရွာ-နမခ) စစ်တိုင်းမှူးကို လှမ်းဆူတယ်လို့လည်း ကျွန်တော်တို့ သတင်းကြားထားရတယ်ဗျ”လို့ Chindwin Rocket Brothers-CRB တပ်ဖွဲ့ တာဝန်ခံ ကိုဇော်ဇော်က MFP ကို ပြောပါတယ်။
“မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မုံရွာ နမခ ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တိုင်းစစ်ဌာနချုပ်ထဲက အရာရှိရိပ်သာဆောင်၊ အရာခံ/အကြပ်ကြီး ရိပ်သာဆောင်၊ ရိက္ခာဖြန့်ဝေရေးဌာန၊ ရဟတ်ယာဉ် ကွင်းသစ်၊ အမှတ် (၇) စစ်မြေပြင် ဆေးတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းတွေမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အမှတ် (၁၂) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၆) လျှပ်စစ်နှင့် စက် မှု အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၇၆၇) တပ်ထိန်းတပ်ခွဲ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ ၊ တိုင်းအား ကစားကွင်း၊ နမခ ကာကင်းဂိတ်စ ခန်း စတဲ့ စစ်အုပ်စု အထိုင်နေရာတွေကို ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာလို့ ချင်းတွင်းရော့ ကတ်ညီနောင် – Chindwin Rocket Brothers-CRB က စက်တင်ဘာလ ၁၅ ရက်မှာ သတင်းထုတ်ပြန်ထားပါ တယ်။
“မုံရွာမှာ ပြန်ဆုံမယ်” စစ်ဆင်ရေးအဖြစ် မုံရွာ-နမခ ရှိ စစ်အုပ်စုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers – C.R.B) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၁)၊ ချိုမိုင်မိုင်-ကနီ၊ Chindwin Brothers ၊ မုံရွာမြို့နယ် တိုက်နယ် – ၅ စတဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
နမခ ကို တိုက်ခိုက်နိုင်ဖို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ လပိုင်းခန့် အချိန်ယူ ပြင်ဆင်ခဲ့ရ တာဖြစ်သလို နောက်ထပ်လည်း အခုလို တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်မှာ ဖြစ်တယ်လို့ ချင်းတွင်း ရော့ကတ်ညီနောင် (Chindwin Rocket Brothers – C.R.B) တာဝန်ခံက ဆိုပါတယ်။
မုံရွာ-နမခ ဟာ အနီးဝန်းကျင် ရွာတွေကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်တာ၊ စစ်ကိုင်းတိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ထဲ ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့တာတွေ လုပ်ဆောင်နေသလို လေကြောင်းကနေလည်း နေ့စဉ် ဗုံးကြဲပစ်ခတ် သတ်ဖြတ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
နမခ ကို တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ/Photo – CRB
#Mandalay_Free_Press_MFP