တပ်ကုန်းမြို့နယ်မှာ ရေဘေးသင့်သူ တစ်ရာနီးပါး အစာအဆိပ်သင့်

by

in

တပ်ကုန်းမြို့နယ်မှာ ရေဘေးသင့်သူ တစ်ရာနီးပါး အစာအဆိပ်သင့်
~~~
■ နေပြည်တော် တပ်ကုန်းမြို့နယ် ချောင်းခြားရွာမှာ စက်တင်ဘာ ၁၇ ရက်နေ့ ညပိုင်းက ရေဘေးကူညီကယ်ဆယ်ရေးအတွက် လာရောက်လှူဒါန်းတဲ့ အစားအသောက်တချို့ကို စားမိရာကနေ အစာဆိပ်သင့်ပြီး လူတစ်ရာနီးပါး ဆေးရုံတက် ကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေဘေးသင့်သူတွေ မူးဝေအော့အန်တာနဲ့ ဝမ်းလျှောတာတွေ ဖြစ်ကြတာကြောင့် မနေ့က ည ခုနစ်နာရီခန့်မှာ တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်လို့ ကူညီပို့ဆောင်ပေးခဲ့သူတစ်ဦးက RFA ကို ပြောပါတယ်။
“ဖြစ်တာက တစ်ရွာလုံးနီးပါး ဖြစ်တာ။ အစာအဆိပ်သင့်တဲ့ လက္ခဏာလို့ ထင်ရတယ်။ ကျား၊ မ ကိုးဆယ်လောက် ရှိတယ်။ လူတွေက အော့အန်ပြီးတော့ ဝမ်းသွားတယ်။ နုံးချည့်ပြီးတော့ တချို့ဆို ရှော့ရသွားတယ်။ ရေဘေး ကယ်ဆယ်ရေးမှာ လာလှူတာတွေ များတော့ အစားအသောက် စုံသွားတယ်။ မတည့်တဲ့ အစားအသောက်တွေ တွဲစားမိကြပုံပေါ်တယ်”
တပ်ကုန်းဆေးရုံဟာလည်း အခုရေပြန်ကျချိန်မှာ ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နေရတဲ့ အခြေအနေတွေနဲ့ ကျန်းမာရေးဝန်ထမ်း မလုံလောက်တာတွေကြောင့် တပ်ကုန်းဆေးရုံအပြင် နေပြည်တော် ကုတင်-၃၀၀ နဲ့ ကလေးအထူးကု ကုတင်-၅၀၀ ဆေးရုံတွေကိုပါ ပို့ဆောင်ကုသနေရတယ်လို့ သူက ပြောပါတယ်။
လက်ရှိမှာ ဆေးကုသနေပြီဖြစ်တာကြောင့် စိုးရိမ်ရတဲ့အခြေအနေ မရှိဘူးလို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေက ရေကြီးရေလျှံမှုမှာ တပ်ကုန်းမြို့နယ်အပါအဝင် ရေဘေးသင့်သူ နှစ်သောင်းခွဲခန့်ကို ကယ်ဆယ်ရေးစခန်းတွေမှာ ပို့ဆောင်ပေးထားပြီး ရေဘေးကြောင့် လူ ၄၇ ဦး သေဆုံးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
______
တပ်ကုန်းမြို့နယ် ချောင်းခြားရွာတွင် အစာအဆိပ်သင့်သူများ ဆေးကုသမှုခံယူနေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့က တွေ့ရစဥ်။ (Citizen Photo)