မှော်ဘီဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ဟု USOပြော

by

in

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ စစ်တပ် ဗိုလ်သင်တန်းကျောင်းကို ၄၀ မမ ဗုံးပစ်အမြှောက်ဖြင့် ပစ်ခတ်တိုက်ခိုက်၊ မန္တလေးတွင်လည်း ယမန်နေ့ညပိုင်း ပေါက် ကွဲ သံနှင့်သေနတ်သံတချို့ ထွက်ပေါ်
ရန်ကုန်၊ စက်တင်ဘာ ၁၈
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်း ကျောင်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Urban Special Operation (U.S.O) က သတင်းထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ည ၇ နာရီ ၄၀ မိနစ်အချိန် မြို့ပြအထူးစစ် ဆင်ရေး အဖြစ် မှော် ဘီမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဗိုလ်သင်တန်း ကျောင်း ကို ၄၀ မမ ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ ကင်းဂိတ်နှင့် ကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဆိုပါကျောင်းအနီးသွားလာခြင်အား အထူးသတိပြုသွားလာ ကြရန် Urban Special Operation (U.S.O) က မေတ္တာရပ်ခံထားပြီး ရန်ကုန်မြို့ပြ စစ်ဆင်ရေး ( Urban Special Operation U.S.O )ကို ဒုတိယအကြိမ်မြောက် ပြန်လည်စတင်လုပ်ဆောင်တော့မည် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် သတိထားသွားလာကြပါရန် တိုက်တွန်းထားသည်။
ပြည်သူများအား မတရားမှုများပြုလုပ်ရန် ကြံဆောင်နေသော အကြမ်း ဖက်စစ်အုပ်စုတို့၏ စီးပွားရေးပိုင်ဆိုင်မှုများအပြင် ပက်သက်ဆက် နွယ်သူများ၊ ပက်သက်ဆက်နွယ်မှု များကို စစ်ရေးပစ်မှတ်တစ်ခုအဖြစ် မဟာမိတ်များနှင့်ပူးပေါင်း၍ စစ်ဆင်ရေးများ ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း Urban Special Operation U.S.O က အသိပေးထုတ်ပြန်ထားသည်။
အလားတူ ယမန်နေ့ည ၇ နာရီဝန်းကျင်အချိန် မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နန်းတွင်းအနီးမှ လက်နက်ကြီးဖြင့် ပစ်ခတ်ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း၊ ထို့အတူ ယမန်နေ့ည ၁၀ နာရီ ၂၂ မိနစ်အချိန် ပြည်ကြီးတံခွန်မြိုနယ်ဘက်ခြမ်းတွင် အိမ်များတုန်သည်အထိပေါက်ကွဲသံများ ကျယ်လောင်စွာကြားရကြောင်း၊ ထို့ပြင် ၆၂ လမ်း ၁၁၇လမ်း (ဃရပ်ကွက်ရုံး)မှ သေနတ်သံများကြားရကြောင်း၊ စစ်ကောင်စီက မန္တလေးမြို့ လမ်းများပေါ်နှင့် ရပ်ကွက်များတွင် စစ်ဆေးရေးများ လုပ်ဆောင်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- မန္တလေး၊ နန်းတွင်းအနီးမှ စစ်ကောင်စီတပ်၏ လုံခြုံရေးအစောင့်တစ်ဦး။
Photo- AFP ။

မှော်ဘီဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးဖြင့်တိုက်ခိုက်ခဲ့ဟု USOပြော
သတိုး/People’s Spring

ရန်ကုန်မြို့ မှော်ဘီမြို့နယ် ရန်ကုန် – ပြည်လမ်းပေါ်ရှိ စစ်ကောင်စီ၏ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်းအား ၄၀မမ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြအထူးစစ်ဆင်ရေး(USO)၏ သတင်းတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။
“စစ်ဆင်ရေးကတော့ ဒုတိယအကြိမ် ပြန်စတဲ့ ပထမမစ်ရှင်ပါ။စခ ဗိုလ်သင်တန်းကျောင်းနဲ့ တပ်ကြပ်သင်တန်းကျောင်းထဲ ထိမှန်ခဲ့တယ်လို့ မြေပြင်သတင်းအရ သိရပါတယ်”ဟု အထက်ပါတာဝန်ခံက ပြောသည်။
ယနေ့ (စက်တင်ဘာ ၁၇ရက်) ည ၇နာရီခွဲခန့်တွင် ဗိုလ်သင်တန်းကျောင်းအား ၄၀ မမ သုံးလုံးဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအတိအကျမသိရသေးသော်လည်း စစ်ကောင်စီ၏ မီးတန်းယာဥ်နှင့်လူနာတင်ကားများ ဝင်သွားသည်ဟု ၎င်းက ဆိုသည်။
“ပြန်မြင်လာရပါမယ်။အလှူလည်းမခံတဲ့အတွက် ပြင်ဆင်မှုအပိုင်းလေးတွေ နှောက်နှေးသွားတဲ့အတွက်လည်း တော်လှန်ပြည်သူများကို တောင်းပန်ပါတယ်”ဟု USOအနေဖြင့် စစ်ဆင်ရေးများဆက်တိုက်လုပ်ဆောင်မည့်အကြောင်းကို အထက်ပါတာဝန်ခံက ပြောသည်။
USOသည် ယခင်ကမြို့ပြအထူးတပ်ဖွဲ့ (USF )အနေဖြင့် လှူပ်ရှားခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် မြို့ပြအထူးစစ်ဆင်ရေး(USO)ဟု ပြောင်းလဲလုပ်ဆောင်နေခြင်းဖြစ်သည်။
မြို့ပြအထူးစစ်ဆင်ရေး Urban Special Operation (USO)သည် ၂၀၂၄ ဇန်နဝါရီ ၂၃ရက်က မန္တလေးမြို့ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီလေတပ်စခန်းကို တာဝေးပစ် (၁၀၇) မမ ငါးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
၂၀၂၃အတွင်းကလည်း မှော်ဘီလေတပ်စခန်းကို (၁၀၇) မမ ရှော့တိုက်ဒုန်း ငါးလုံးဖြင့် တိုက်ခိုက်မှု၊ စစ်ကောင်စီအဖွဲ့ဝင် ဏ္ဏမောင်လွင်၏သားဖြစ်သူ လင်းမင်းမောင်လွင် နေအိမ် ဗုံးပစ် တိုက်ခိုက်မှု၊ အင်းစိန်မြို့နယ်ရှိ ဦးပိုင်ကုန်ကားဝင်းအား (၄၀)မမ ဗုံးသီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအပြင် စစ်ကောင်စီပိုင် မြန်မာဘီယာစက်ရုံကိုလည်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ထို့အပြင် ပြည်ပနိုင်ငံများတွင်ရောက်ရှိနေသော တော်လှန်ပြည်သူများ၏ ကိုယ်ရေးအချက်အလက်များနိုင်ငံတကာသံရုံးများပေးပို့၍ နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့စ်)ပိတ်ပင်မှုများပြုလုပ်နေသည့် စစ်ကောင်စီ၏ ဌာနဆိုင်ရာများအား စစ်ရေးပစ်မှတ်အနေဖြင့် တိုက်ခိုက်မည်ဟု မြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – U.S.O)က သတိပေးထားသည်။
အဆိုပါ ဗိုလ်သင်တန်းကျောင်းအား Operation Flame (OF)အဖွဲ့ကလည်း ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်က တိုက်ခိုက်ခဲ့သေးသည်။
(တိုက်ခိုက်ခံရသည့် ဗိုလ်သင်တန်းကျောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ – CJ)