စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ ရှေ့တန်းမထွက်ရရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးရ၊ ငွေမပေးနိုင်သော စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ရှေ့တန်းအပို့ခံရပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်

by

in

စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ ရှေ့တန်းမထွက်ရရေး ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးရ၊ ငွေမပေးနိုင်သော စစ်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ရှေ့တန်းအပို့ခံရပြီး သေဆုံးမှုနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်
ရန်ကုန်၊ စက်တင်ဘာ ၁၈

အကြမ်းဖက်စစ်ကောင်စီ၏ လက်ရုံးတပ်တစ်ခုဖြစ်သော စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများက ရှေ့တန်းမထွက်ရရေး ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးနေရပြီး မပေးနိုင်သူများ ရှေ့တန်းအပို့ခံရပြီး သေဆုံးနှင့်ပျောက်ဆုံးမှုများ ဖြစ်ပေါ်နေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စစ်အင်ဂျင်နီယာတပ်ဖွဲ့ တွင် ညွှန်ကြားရေးမှူးအဖြစ် ဗိုလ်ချုပ်ဇော်နိုင်ဦးကလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး အဖြစ် ဗိုလ်မှူးချုပ် ခင်မောင်အေးက လည်းကောင်း တာဝန်ယူထားပြီး စစ်အင်ဂျင်နီယာများ အပြောင်းအရွှေ့၊ ရှေ့တန်းပို့အင်အားနှင့်နေရာချထားရေးကို ဗိုလ်မှူးချုပ် ခင်မောင်အေးက တာဝန်ယူရကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်ကောင်စီက ရှေ့တန်းသို့ တပ်များစေလွှတ်ရာတွင် အင်အား မလုံလောက်သဖြင့် ခြေလျင်တပ်များ၊ ခြေမြန်တပ်များ၊ ရဲများနှင့် လက်ရုံးတပ်များဖြစ်သော ဆေးတပ်၊ အင်ဂျင်နီယာတပ် အပါအဝင် ရေတပ်နှင့်လေတပ်မှ အင်အားများကို ရောနှော၍ စေလွှတ်ကြောင်း၊ ထို့ကြောင့် ရှေ့တန်းထွက်ရမည့် စစ်အင်ဂျင်နီယာစာရင်းများကို စစ်အင်ဂျင်နီယာ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးက စီမံ ပေးပို့ စေလွှတ်ရကြောင်း၊ ရှေ့တန်းမထွက်လိုသည့် စစ်အင်ဂျင်နီယာတပ်မှ စစ်သည်၊ အကြပ်နှင့် အရှိများမှာ ဗိုလ်မှူးချုပ် ခင်မောင်အေးကို သိန်းရာချီ လာဘ်ထိုးကြရကြောင်း သိရှိရသည်။
“စစ်အင်ဂျင်နီယာတပ်မှာက တပ်ကြပ်ကြီး ဝန်ထောက်တွေက ရှေ့တန်းမပါဖို့ ဒုညွှန်မှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို လာဘ်ထိုးရတယ်။ ရှေ့တန်းပို့အင်အားစာရင်းနဲ့ အပြောင်းအရွှေ့က သူကိုင်တာဆိုတော့ သူ့ကို လာဘ်ထိုးရတာ။ အင်ဂျင်နီယာ ဝန်ထောက်တွေဆိုတာလည်း လက်ဖျား​ ငွေသီးတဲ့သူတွေဆိုတော့ ရှေ့တန်းမထွက်ရဖို့ အနည်းဆုံး သိန်း ၁၀၀ ကစပြီး ဂါရတာ( ကန်တော့ရတာ) ။ ကျန်တဲ့ စစ်အင်ဂျင်နီယာ အရာရှိ ဗိုလ်ကြီး၊ ဗိုလ်မှူးတွေလည်း ရှေ့တန်းမလိုက်ရဖို့ သိန်းရာချီ လာဘ်ထိုး။ မရှိ၊ ရှိတာ ရှာ လာဘ်ထိုး။ ပြီးမှ ပြန်ရှာပေါ့။ လာဘ်မထိုးနိုင်တဲ့သူတွေကတော့ ရှေ့တန်းထွက်ပဲ” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်အင်ဂျင်နီယာတပ်များတွင်လည်း လာဘ်စား၍ ဝင်ငွေကောင်းသော တပ်များနှင့် လာဘ်စားမရသော တပ်များဟူ၍ ရှိရာ လုပ်ကွက်မရှိသော စစ်အင်ဂျင်နီယာတပ်များမှ စစ်သည်နှင့်အရာရှိများမှာ ဒုညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်းမောင်အေးကို လာဘ်မထိုးနိုင်ဘဲ ရှေ့တန်းသို့ ပို့ခံရကြောင်း၊ ထိုသို့ ရှေ့တန်းသို့ အပို့ခံရပြီးနောက် သေဆုံးသူ ၊ ပျောက်ဆုံးသူများစွာ ရှိနေကြောင်း သိရှိရသည်။
“စစ်ပွဲတွေမှာ သေဆုံး၊ ပျောက်ဆုံး ဗိုလ်မှူး၊ ဗိုလ်ကြီးတွေ တော်တော်များများက လာဘ်မထိုးနိုင်တဲ့သူ၊ ဗိုလ်မှူးချုပ် ခင်မောင်အေးနဲ့ မတည့်သူတွေ အဆင်မပြေသူတွေပါ။ သူကလည်း သူနဲ့ မတည့်ရင် ရှေ့တန်းပို့တာပဲ။ သူ့တပည့် အရာရှိတွေ၊ သူ့ဆီ ပိုက်ဆံပေးနိုင်တဲ့ တပ်ရင်းမှူး၊ ဒုရင်းမှူး၊ ဗိုလ်မှူး၊ အရာရှိ အဆင့်ဆင့်တွေကို ဆောက်လုပ်ရေးဂွင်တွေမှာ ထည့်တယ်။ ရန်ကုန်၊ နေပြည်တော် မန္တလေးလို မြို့တွေမှာပဲထားတယ်။ ရှေ့တန်းမပို့ဘူး” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
စစ်အင်ဂျင်နီယာတပ်၏ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေးကို လာဘ်မထိုးနိုင်သော စစ်အင်ဂျင်နီယာတပ်မှ စစ်သည်နှင့်အရာရှိများ၊ မိသားစုဝင်များမှာ ရှေ့တန်းအပို့ခံနေရသည့်အတွက် စိုးရိမ်ပူနေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်အင်ဂျင်နီယာတပ်မှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ခင်မောင်အေး။