ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်

by

in

ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် ၄ ခုမိုးကြီးနိုင်
ရောင်နီ

(မဇ္ဈိမ)။ ။ လက်ရှိကာလ၌ ရေကြီးနစ််မြုပ်မှုကြုံတွေ့နေသည့် ကရင်နီပြည်အပါအဝင် တိုင်းနှင့်ပြည်နယ် လေးခုတွင် မိုးကြီးနိုင်သည့်အတွက် ရေဘေးသတိပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က ယ‌နေ့(စက်တင်ဘာလ ၁၆ရက်) သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၂၀ ၊ ၂၁၊ ၂၂ ရက်နေ့များ၌ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM က သတိပေးထားသည်။
အဆိုပါဒေသများတွင် မိုးကြီးမှုကြောင့် ရေကြီးမြေပြိုမှုများဖြစ်ပေါ်လာနိုင်သဖြင့် ထိခိုက်မှုအန္တရာယ်လျော့ပါးစေရေး ကြိုတင်ပြင်ဆင်နေထိုင်ရန်လည်းအကြံပြုထားသည်။
လက်ရှိတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်ကာ မြို့ပေါ်ရပ်ကွက်များ ရေဝင်နေပြီး ဒေသခံများသည် ရေကြီးနစ်မြုပ်မှုကြုံတွေ့နေသည်။ ကရင်နီပြည်၌လည်း ဒီးမော့ဆိုမြို့အပါအဝင် ဒေသအများစု ရေဘေးကြုံတွေ့နေပြီး ဘေးသင့်ပြည်သူ ထောင်ချီရှိနေသည်ဟု ကူညီရေးလုပ်ဆောင်နေသူများထံမှသိရသည်။
မြစ်ရေကြီးမှုများလည်း ဆက်ရှိနေပြီး စစ်တောင်းမြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ်ထက် အသီးသီးရောက်ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက ယနေ့ (စက်တင်ဘာလ ၁၆ ရက်) နံနက်ပိုင်းက ထုတ်ပြန်ထားသည်။
ထို့အပြင် ရန်ကုန်မြစ်ရေသည် မနက်ဖြန်(စက်တင်ဘာလ ၁၇ ရက်)မှ စက်တင်ဘာလ ၂၃ ရက်နေ့အတွင်း အခြေခံရေစစ်မျဉ်းအထက် အမြင့်ပေ ၂၀ပေခန့်မှ ၂၁ ပေခန့်အထိထူးကဲဒီရေတက်ဖွယ်ရှိကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က စက်တင်ဘာလ ၁၂ရက်တွင်ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့အတွင်း ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်းတို့ ရေဝင်လာနိုင်ပြီး မြစ်ချောင်းများနှင့်နီးသည့်အနိမ့်ပိုင်းဒေသများ ကြိုတင်သတိပြုကြရန်မိုးလေဝသဆိုင်ရာလေ့လာသူ ဦးဝင်းနိုင်က အကြုံပြုထားသည်။
မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၁၀ရက်မှစ၍ တိုင်ဖွန်းမုန်တိုင်းရာဂီ၏ အကြွင်းအကျန်တိမ်တိုက်များကြောင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်း၊ နေပြည်တော်နှင့် ကရင်နီပြည်တို့တွင် ရေဘေးကြုံတွေ့ခဲ့သည်။ လက်ရှိတွင်ရေပြန်ကျသွားသော်လည်း ရေဘေးနောက်ဆက်တွဲပြဿနာများကြောင့် ဘေးသင့်ပြည်သူများအခက်အခဲမျိုးစုံကြုံတွေ့နေသည်။
ရေဘေးကြောင့် နိုင်ငံတဝန်း သေဆုံးသူ ၁၁၃ ဦးရှိပြီး ပျောက်ဆုံးသူ ၆၄ ဦး ရှိနေကြောင်း စစ်ကောင်စီက ယနေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် ထုတ်ပြန်ထားသည်။ သို့သော် မြေပြင်တွင်မူ ရေဘေးကြောင့် သေဆုံးသူ ပိုမိုများပြားနိုင်ပြီး ကူညီကယ်ဆယ်ရေးများ လုံလောက်စွာမရရှိသည့်အတွက် အခက်အခဲများ ကြုံတွေ့နေရကြောင်း ရေဘေးသင့်ပြည်သူများက ပြောသည်။
လက်ရှိတွင် တောင်တရုတ်ပင်လယ်အတွင်း အပူပိုင်းမုန်တိုင်းတလုံးထပ်မံဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံအနောက်တောင်ပိုင်း ဟိုင်နန်ကျွန်းကို ဦးတည်ရွေ့လျားနိုင်ကြောင်းနှင့် မြန်မာနိုင်ငံဘက်သို့ သက်ရောက်နိုင်မှုအခြေအနေကိုစောင့်ကြည့်လေ့လာနေကြောင်း ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။
စာတည်း – အေးချမ်း
ပုံအညွှန်း- ကရင်နီ(ကယား)ပြည်နယ်တွင် ရေကြီးမှု ဖြစ်ပွားနေသည့် မြင်ကွင်း။ (ပုံ – Hope For Burma/ KPV News)
#ကရင်နီပြည်
#မိုးကြီးမည့်သတိပေးချက်
#ရေဘေးအန္တရာယ်