တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊ စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊ စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊

by

in

တောင်သာ ခြုံကြီးရွာ စီးနင်းခံရပြီး ခြောက်ဦး အဖမ်းခံရကာ နှစ်ဦး ခေါင်းဖြတ်၊ နှစ်ဦး သေနတ်နဲ့တေ့ ပစ်သတ်ခံရ၊
စစ်အုပ်စုက ရွာကို လေကြောင်းဗုံးကြဲလို့ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံး၊
စစ်အုပ်စုနဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေ၊
MN/MFP ၊ စက်တင်ဘာ – ၁၆

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ် ခြုံကြီးရွာကို ဒီကနေ့ စက်တင်ဘာလ (၁၆)ရက် မနက်ပိုင်း စစ်အုပ်စုက အလစ်အငိုက် စီးနင်းကာ ခြောက်ဦးကို ဖမ်းဆီး၊ ညှဉ်းပန်း၊ နှိပ်စက်ပြီးနောက် နှစ်ဦးကို ခေါင်းဖြတ်၊ နှစ်ဦးကို သေနတ်နဲ့တေ့ ပစ်သတ်ကာ နှစ်ဦးကတော့ အလောင်းမတွေ့သေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဒါ့အပြင် ခြုံကြီးရွာမှာ တိုက်ပွဲဖြစ်ပွားချိန် စစ်အုပ်စုက တိုက်လေယာသ်နဲ့ ဗုံးကြဲလို့ ရွာခံပြည်သူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ဗုံးထိမှန် သေဆုံးသလို ညနေပိုင်းအထိ စစ်အုပ်စုက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ခြုံကြီးရွာကို ဒီကနေ့ မနက် (၆) နာရီဝန်းကျင်မှာ စစ်အုပ်စုနဲ့ ပျူတွေက အရပ်ဝတ်နဲ့ အလစ်အငိုက် ဝင်ရောက် စီးနင်းချိန် ကင်းစောင့်နေသူ ခြောက်ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး အဲ့ဒီအထဲက နှစ်ဦးကို ခေါင်းဖြတ်သတ်ကာ နှစ်ဦးကို သေနတ်နဲ့တေ့ ပစ်သတ်ပြီး ကျန်နှစ်ဦးကတော့ ပျောက်ဆုံးနေတယ်လို့ မြေပြင် တော်လှန်ရေး သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။
“မနက် (၆) နာရီလောက်မှာ သေနတ်သံတွေ ကြားရလို့ မေးလိုက်တဲ့ အချိန်မှာ ခြုံကြီးရွာ ဝင်စီး ခံလိုက်ရတယ် ဆိုတာ သိလိုက်ရတယ်။ (စစ်အုပ်စု) ဝင်စီးတာကလည်း သူ့လူလိုလို ကိုယ့်လူလိုလိုနဲ့ ဝင်လာပြီးတော့ အလစ် ဝင်စီးသွားတာ။ အဲဒီလို ဝင်စီးတဲ့အချိန်မှာ ရဲဘော် ခြောက်ယောက် ဖမ်းမိသွားတာ။ ရဲဘော် နှစ်ယောက်က ခေါင်းဖြတ် သတ်ခံလိုက်ရတယ်။ နှစ်ယောက်ကတော့ သေနတ်နဲ့ ပစ်သတ်သွားတယ်။ ကျန်တဲ့ နှစ်ယောက်ကလည်း ပစ်သတ်ခံလိုက်ရပြီလို့ သတင်း ကြားနေရတယ်။ ရဲဘော်လေးဦး အသတ် ခံလိုက်ရတာကိုတော့ အခု ထွက်ပြေးလာခဲ့တဲ့ ဒေသခံရွာသားက သူကိုယ်တိုင် မြင်ခဲ့တာ။ ရဲဘော်တွေကို ရွာထဲမှာပဲ (စစ်အုပ်စုနဲ့ပျူတွေ) သတ်လိုက်တာ ဟုတ်တယ်”
ခြုံကြီးရွာကို စစ်အုပ်စုနဲ့ ပျူတွေက စီးနင်းချိန် အနီးဝန်းကျင်မှာ ရှိနေတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက လေကြောင်းဗုံးကြဲသလို လက်နက်ကြီး ပစ်ကူခဲ့တယ်လို့လည်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံက MFP ကို ပြောပါတယ်။
“ဒီကနေ့ မနက်ပိုင်းမှာ ကျွန်တော်တို့ တော်လှန်ရေး ရဲဘော်အချို့ ဖမ်းဆီးခံလိုက်ရပါတယ်။ အဲဒီလို ရဲဘော်တွေ ဖမ်းဆီး ခံရပြီးတဲ့နောက် ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေက ဝိုင်းတာပေါ့။ အဲဒီအချိန်မှာ စပြီးတော့ တိုက်ပွဲ ဖြစ်တာပါ။ တိုက်ပွဲဖြစ်တော့ ထုံးစံအတိုင်း သူတို့(စစ်အုပ်စု)က လေကြောင်းခေါ်ပြီးတော့ ဂျက်ဖိုက်တာနဲ့ ဗုံးခြောက်လုံး လာကြဲသွားတယ်။ (Mi-35) နဲ့ ငါးချက်လောက် လာပစ်သွားတယ်။ ဖမ်းဆီးခံရတဲ့ ရဲဘော်တွေထဲက အချို့ အသတ်ခံလိုက်ရတယ်လို့ ကျွန်တော်တို့ သတင်းရထားပါတယ်”
တိုက်ပွဲဖြစ်ပွားနေချိန် စစ်အုပ်စုက ခြုံကြီးရွာကို တိုက်လေယာဉ်၊ (Mi-35) တိုက်ခိုက်ရေး ရဟတ်ယာဉ်နဲ့ ဗုံးကြဲပစ်ခတ်လို့ ရွာခံပြည်သူ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး ဗုံးစထိမှန် သေဆုံးတယ်လို့ ဒေသခံ တော်လှန်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“လေယာဉ်နဲ့ အပစ်ခံရပြီးတော့ ဗုံးစထိမှန် သေဆုံးခဲ့တဲ့သူက ကိုယ်ဝန်ဆောင် အမျိုးသမီးလို့ ကျွန်တော်တို့ သိထားရတယ်။ အသက်အရွယ် အတိအကျတော့ မသိရသေဘူး။ လက်ရှိ ရွာထဲမှာလည်း သူတို့(စစ်အုပ်စု)တွေ စီးနင်း လုယက်နေကြတုန်း။ ရွာကိုလည်း မီးရှို့နေတယ်။ အိမ်အတော်များများ ပါသွားပြီလို့လည်း သတင်း ကြားရတယ်”
လက်ရှိမှာ စစ်အုပ်စုနဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူတွေက ခြုံကြီးရွာကို စီးနင်းလုယက် မီးရှို့နေပြီး ပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။
ခြုံကြီးရွာအတွင်း စစ်အုပ်စု သတ်ဖြတ်ထားသူ၊ ဖမ်းဆီးထားသူနဲ့ မီးလောင်ပျက်စီးမှု အရေအတွက် အတိအကျကိုတော့ မသိရသေးပါဘူး။
စစ်အုပ်စု လေကြောင်းက ဗုံးကြဲပစ်ခတ်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာနဲ့ မီးရှို့ဖျက်ဆီးတာတွေကြောင့် ခြုံကြီးရွာ သာမက အနီးဝန်းကျင် ရွာတွေက ပြည်သူတွေပါ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။
တောင်သာမြို့နယ် ခြုံကြီးကျေးရွာဟာ မြင်းခြံ သံမဏိစက်ရုံ တောင်ဘက်မှာတည်ရှိပြီး မြင်းခြံနဲ့ တောင်သာနယ် အစပ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားချိန်မှာ မြင်းခြံ သံမဏိစက်ရုံထဲမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ ပစ်ကူပေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဩဂုတ်လ ၁၀ ရက်က စတင်ပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက မြင်းခြံခရိုင် အထူးစစ်ဆင်ရေး – Myingyan District Special Operation (MDSO) အဖြစ် ကြေညာကာ တောင်သာ၊ မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန် မြို့နယ်တွေထဲက စစ်အုပ်စု စခန်းတွေ၊ ဂိတ်တွေနဲ့ ပျူစခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပြီး မြင်းခြံနယ်ထဲ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။
တောင်သာမြို့နယ် ခြုံကြီးရွာနဲ့ မြင်းခြံနယ်က ပျူခေါင်းဆောင် သီတာယုမွန်နဲ့ ပျူတွေ/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP