◾ရန်ကုန်ကနေ ပြည်ပကိုအလုပ်သွားလုပ်သူတချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားကြရ၊ ◾စစ်သင်တန်း ပို့နိုင်ဟု မိသားစုဝင်ဆို

by

in

◾ရန်ကုန်ကနေ ပြည်ပကိုအလုပ်သွားလုပ်သူတချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခံထားကြရ၊
◾စစ်သင်တန်း ပို့နိုင်ဟု မိသားစုဝင်ဆို
CJ Platform

ရန်ကုန်တိုင်း၊ မြို့နယ်အချို့ကနေ ပွဲစားတွေနဲ့ချိတ်ဆက်ပြီး ထိုင်း၊ တရုတ်စတဲ့ နိုင်ငံတွေက စက်ရုံတွေဆီ အလုပ်လုပ်ဖို့သွားကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို စစ်ကောင်စီတပ်က ပြည်တွင်းကမထွက်ခင် ဖမ်းဆီးထားတယ်လို့ ဖမ်းဆီခံရတဲ့သူတွေရဲ့ မိသားစုဝင်တွေဆီက သိရပါတယ်။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က တစ်နေရာမှာ လူအယောက် ၃၀၀နီးပါးလောက်ကို ဖမ်းဆီးထားတာတွေ့ခဲ့ရပြီး၊ အမျိုးသမီးတွေကိုတော့ ယောဂီပုံစံဝတ်ပေးထားတယ်လို့ ဖမ်းဆီးခံထားရတဲ့ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ဒီကအကြွေးကြေအောင် အလုပ်သွားလုပ်မယ်ဆိုပြီး၊ ပွဲစားနဲ့ချိတ်ပြီးသွားကြတာ။ ဟိုဘက်မရောက်ဘဲ မန္တလေးက ဘုန်းကြီးကျောင်းတစ်ခုမှာ နေနေရတယ်ဆိုပြီးပြောတယ်။ ပြီးတော့ ဟိုတနေ့ကမှ အဆက်အသွယ်ရတော့ ပြင်ဦးလွင်မှာ အဖမ်းခံထားရတယ်ဆိုလို့ လိုက်သွားတော့၊ အယောက် ၃၀၀လောက်ရှိမယ်။ အခုလို အလုပ်သွားလုပ်ဖို့ လာကြတဲ့သူတွေ။ ထောင် ၃လချလိုက်ပြီတဲ့၊ လူချင်းတွေ့ရခဲ့တယ်။ အမျိုးသမီးတွေကိုဆို ယောဂီဝတ်ပေးထားတယ်”လို့ သူက ပြောပါတယ်။
အခုလိုဖမ်းဆီခံရတဲ့သူတွေဟာ အသက် ၂၀ကနေ ၃၀ကျော်ဝန်းကျင် အရွယ်တွေသာဖြစ်ပြီး၊ အထောက်အထားမပြည့်စုံဘူးဆိုတဲ့ အ‌ကြောင်းပြချက်နဲ့ ဖမ်းဆီးခံရတာလို့ သိရပါတယ်။
“အထောက်အထားတွေပေါ့၊ အလုပ်သမားကတ်၊ စက်ရုံကထောက်ခံချက်တွေ ဘာတွေပြခိုင်းတယ်။ အဲဒီထဲက တခုခုမပြနိုင်တဲ့သူတွေကို ‌ထောင် ၃လ ချတယ်ဆိုပြီးလုပ်ထားတာ။ အဲဒီ ၃လပြည့်လို့လည်း လွှတ်ပေးချင်မှလွှတ်ပေးမှာ၊ စစ်သင်တန်းကိုပို့နိုင်တယ်ဆိုပြီးလည်း အဲဒီကရဲက ပြောလိုက်တယ်”လို့ အဆိုပါမိသားစုဝင်က ဆိုပါတယ်။
ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး အောက်လမ်းကနေ ပြည်ပထွက်အလုပ်လုပ်ကိုင်သူတွေဟာ အခုလက်ရှိ စစ်ကောင်စီရဲ့ ပြည်သူ့စစ်ဖွဲ့ဖို့လုပ်ဆောင်လာတဲ့နောက်ပိုင်း ထွက်ခွာဖို့ခက်ခဲလာတယ်လို့ အလုပ်သွားလုပ်လိုသူတွေဆီက သိရပါတယ်။
စစ်ကောင်စီဟာ စစ်မှုထမ်းအတွက် လူငယ်တွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး စစ်သင်တန်းတွေကို ပို့နေတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း ထိုင်းနိုင်ငံ ရနောင်းဘကို ကော့သောင်းနယ်စပ်မှ သွားရောက်အလုပ်လုပ်ကိုင်မဲ့ အသက် ၁၈ကနေ ၃၅နှစ်အမျိုးသားတွေကို ထွက်ခွာခွင့်မပေးဘဲ ပြန်လွှတ်တာတွေ ရှိခဲ့ပါတယ်။
🖋ကိုထက်
ဓာတ်ပုံ – လူမှုကွန်ရက်
ပုံစာ – တရုတ်-မြန်မာ နယ်စပ်ဂိတ်တစ်နေရာကို မြင်ရပုံ (ပုံအဟောင်း)