စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် ပြည်ပထွက် ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးသည့်စာ တင်ပြရတော့မည်

by

in

စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက် ထားခြင်းနှင့် ပြည်ပထွက် ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟို အဖွဲ့က ထုတ်ပေးသည့်စာ တင်ပြရတော့မည်
ရန်ကုန်၊ စက်တင်ဘာ ၁၅
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ထုတ်ပြန်ကြေညာပြီးပါက စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံး နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းနှင့် ပြည်ပထွက်ခွာခြင်းတို့အတွက် စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က ထုတ်ပေးသည့်စာ မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း နည်းဥပဒေကို အပြန်အလှန် အကြိမ်ကြိမ် သုံးသပ်မှုများ လုပ်ဆောင်နေပြီး များမကြာမီ ထုတ်ပြန်ကြေညာရန်ရှိနေကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်များအားလုံးသည် စစ်မှုထမ်း ဥပဒေအရ အရွယ်ရောက်ပြီးသည်နှင့် ၂ နှစ် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းပြီးမှသာလျှင် ပြည်ပသို့ ထွက်ခွာခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားခြင်းကို ခွင့်ပြုမည်ဖြစ်ကြောင်း၊ အကယ်၍ စစ်မှုမထမ်းခင် ပြည်ပသို့ ထွက်ခွာခြင်းနှင့် နိုင်ငံကူးလက်မှတ်များ လျှောက်ထားလိုပါကလည်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၏ စစ်မှုထမ်းခွင့် ကင်းလွတ်ခွင့်၊ ရွှေ့ဆိုင်းခွင့် နှင့် လျှော့ပေါ့ခွင့် ထောက်ခံစာများကို မဖြစ်မနေ တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။
“အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်များအားလုံးကတော့ စစ်မှုထမ်း ဥပဒေနဲ့ အကျုံးဝင်လို့ စစ်မှုကတော့ မဖြစ်မနေ ထမ်းရမှာပါပဲ။ ၂ နှစ် စစ်မှုထမ်းပြီးရင် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ရဲ့ စစ်မှုထမ်းပြီးစီးကြောင်း ထောက်ခံစာထုတ်ပေးလိုက်မှာဖြစ်ပါတယ်။ အဲဒီထောက်ခံစာနဲ့ အလုပ်လုပ်တာ၊ ပြည်ပထွက်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်ထားတာ၊ နိုင်ငံ့ဝန်ထမ်း အရာရှိရာထူးတွေ လျှောက်ထားတာတွေနဲ့ စတာတွေ အသုံးဝင်လာမှာဖြစ်တယ်။ အကယ်၍ စစ်မှုမထမ်းခင် နိုင်ငံခြားထွက်ပြီး ပညာသင်တာ၊ ပြည်ပထွက်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်ထားချင်တာဆိုရင်တော့ စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ရဲ့ ထောက်ခံချက်ပေါ့။ ဒီလူက စစ်မှုမထမ်းရသေးပေမယ့် စစ်မှုထမ်းခွင့်ကို ရွှေ့ဆိုင်းထားသလား၊ လျှော့ပေါ့ထားတာလား၊ ကင်းလွတ်ခွင့်ပြုတာလားဆိုတဲ့ ထောက်ခံချက် တင်ပြရမယ်။ အဲဒါတွေက နည်းဥပဒေမှာ အကုန်ပါမယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။
ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို မူကြမ်းအဖြစ် ရေးဆွဲထားပြီး သုံးသပ်စိစစ်မှုများ ဆောင်ရွက်လျက်ရှိရာ ယခုအခါ နောက်ဆုံး သတ္တမမြောက် အဆင့်သို့ ရောက်ရှိပြီး စစ်ကောင်စီရုံး၏ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိကြောင်း၊ များမကြာမီ ပြဋ္ဌာန်းမည်ဖြစ်ပြီး ယင်းနည်းဥပဒေ ထွက်ရှိလာပါက စစ်မှုထမ်းရန် ပျက်ကွက်ခြင်း၊ ပျက်ကွက်ရန် အားပေးကူညီခြင်း၊ တိမ်းရှောင်ရန် ကြိုးစားခြင်းတို့ကို ထောင်ဒဏ်များ ချမှတ်အရေးယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအားလုံးသည် ခရီးသွားလာရာတွင်လည်း ကောင်း၊ ပြည်ပသို့ ထွက်ခွာရာတွင်လည်း ကောင်း စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်လက်မှတ်များ လိုအပ်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းမှုမှ လျှော့ပေါ့ခွင့်၊ ရွှေ့ဆိုင်းခွင့်နှင့် ကင်း လွတ်ခွင့် လက်မှတ်များကို သက်ဆိုင်ရာ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များက ထုတ်ပေးမည်ဖြစ်ပြီး ကင်းလွတ်ခွင့်၊ လျှော့ပေါ့ခွင့် နှင့်ရွှေ့ဆိုင်းခွင့် မရရှိသူများသည် မဖြစ်မနေ စစ်မှုထမ်းရမည်ဖြစ်ကြောင်း သိရှိရသည်။
အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များအနေဖြင့် စစ်မှု ထမ်းရန် ပျက်ကွက်လျှင် ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှုထမ်းရန်တိမ်းရှောင်ကြံစည်လျှင် ထောင်ဒဏ် ၅ နှစ်​ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်း၊ စစ်မှု ထမ်းရန် ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးစားသူကို ကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
စစ်ကောင်စီက ပြဋ္ဌာန်းထားသော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ ဆိုသည်မှာ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်း ကောင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၂၇ နှစ် မပြည့်သေးသော နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၄၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ် ပြည့်ပြီး၍ အသက် ၃၅ နှစ် မပြည့်သေးသော နိုင်ငံသားကိုလည်းကောင်း ဆိုလိုကြောင်း ဖော်ပြထားသည်။