တာချီလိတ်မြို့နယ်က မြေပြိုတဲ့နေရာမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့

by

in

တာချီလိတ်မြို့နယ်က မြေပြိုတဲ့နေရာမှာ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့
စက်တင်ဘာ ၁၄၊ The Nation Voice
သတင်း – 555

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ပုန်းထွန်ရပ်ကွက် ကျောက်တောင်အပိုင်း ဝမ်မိုင်မှာ ရေကြီးပြီးမြေပြိုကျခဲ့လို့ အသက်သုံးနှစ်အရွယ် ကလေးငယ်အပါအဝင် အလောင်းခြောက်လောင်းရှာတွေ့ ခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။
စက်တင်ဘာ ၁၁ရက်နေ့ နေ့လည်ပိုင်းက ကျောက်တောင်အပိုင်း ဝမ်မိုင်ရှိ ရာဘာခြံတောင်ကနေ နေအိမ်ပေါ် သို့မြေပြိုကျလာခဲ့တဲ့အတွက် စက်တင်ဘာ ၁၃ရက်နေ့မှာ ဝင်ရောက်ရှာဖွေကယ်ဆယ်ရာမှာ အလောင်းခြောက်လောင်းနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပြောပါတယ်။
“အသက်သုံးနှစ်အရွယ်ကလေးနဲ့သူ့အမေအလောင်းလည်းရှာတွေ့တယ်။ သားအမိနှစ်ယောက်လုံးမြေပြိုကျပြီးသေသွားတာပါ။ သေဆုံးတဲ့အထဲမှာ ကျန်လေးယောက်လုံးကတော့အမျိုးသား အလောင်းတွေရှာတွေ့တယ်။ ပျောက်နေတဲ့သူတွေရှိနေသေးတယ်။ ဆက်ပြီးတော့ရှာဖွေမှုတွေလုပ်ဆောင်နေတယ်” လို့ ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။
တာချီလိတ်မြို့မှာ စက်တင်ဘာ ၁၀ရက်ကနေစတင်ပြီး စက်တင်ဘာ ၁၂ရက်နေ့အထိ ရေကြီးရေလျှံမှု ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာလ ၁၃ရက်နဲ့ ၁၄ရက်မနက်ပိုင်းမှာ ရေကျသွားပေမယ့် ရပ်ကွက်အနိမ့်ပိုင်းတွေမှာတော့ ရွှံ့နွံတွေနဲ့ရေဝပ်တာတွေရှိနေသေးတယ်လို့ သိရပါတယ်။
သေဆုံးသူခဲ့သူ ရုပ်လောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူ သုံးဦးကို တာချီလိတ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးထားပြီးပျောက်ဆုံးနေသူတွေကိုလည်း ဆက်လက်ရှာဖွနေကြတယ်လို့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက ပြောပါတယ်။