“အကြီးအကျယ်ရေမြုပ်နေတဲ့ ဒီဒေသတွေကို PDFနယ်မြေမို့ ကူညီကယ်ဆယ်မဲ့လူတွေကို စကစကပေးမသွားလို့ ပြည်သူတွေဒုက္ခရောက်နေကြပြီ😭”

by

in

ရေတာရှည်မြို့နယ် အရှေ့ခြမ်းရွာများ စစ်ကောင်စီတပ်က ကူညီကယ်ဆယ်ခွင့်ပိတ်ပင်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် အရှေ့ခြမ်းရှိ ရေနစ်မြုပ်နေသည့်ရွာများကို ကူညီကယ်ဆယ်ခွင့် စစ်ကောင်စီတပ်က တားမြစ်ထားကြောင်း ဒေသခံများ ထံမှ သိရသည်။
ရေကြီးနစ်မြုပ်နေသည့် ရေတာရှည်မြို့နယ် အရှေ့ခြမ်းကျေးရွာသွာများမှာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များက ထိန်းချုပ်ထားခြင်းကြောင့်ဟုဆိုကာ စစ်ကောင်စီတပ်က သွားရောက်ကယ်ဆယ်ခွင့် တားမြစ်ထားခြင်းဖြစ်သည်ဟု သိရသည်။
“စစ်ကောင်စီတပ်က အရှေ့ခြမ်းကို သွားခွင့်မပြုဘူး။ ရွာပေါင်းက မနည်းဘူးဗျ။ စစ်တောင်းမြစ် ဘေးတလျောက်ပဲ ရွာတွေက။ အခုက စစ်ကောင်စီထိန်းချုပ်ထားတဲ့ရွာတွေကိုပဲ သွားကယ်ခွင့်ပေးထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီသည် ၎င်းတို့ထိန်းချုပ်နိုင်သည့်ရွာတန်းရှည်ရွာအထိသာ သွားခွင့်ပြုခြင်းကြောင့် အရှေ့ခြမ်းရှိ ဒေသခံများ အိမ်ခေါင်မိုးပေါ်တက်နေရသည်အထိ ဖြစ်နေသည်ဟု သိရသည်။
“အရှေ့ခြမ်းကို ကယ်ဆယ်ခွင့်မပေးထားဘူးဗျ။ အဲ့ဒီဘက်က PDF ထိန်းချုပ်နယ်မြေဖြစ်နေသလို တပ်ဘက်က လိုက်ပါလို့မရတာကြောင့် သူတို့သွားခွင့်မပေးတာဗျ။ ပြည်သူကိုပဲမျက်နှာမူဖို့ တိုက်တွန်းထားပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
အရှေ့ခြမ်းရှိ ရေဘေးဒုက္ခရောက်နေရသည့် ဒေသခံများကို ပြည်သူ့ကာကွယ်ရေးတပ်က ကူညီပေးထားသော်လည်း အခက်အခဲရှိနေဆဲဖြစ်သည်ဟု သိရသည်။
“အရှေ့ခြမ်း ရေမြုပ်နေတာ ဆွာကနေစရင်ကို သိသလောက်တောင် ရွာပေါင်း (၃၀)ထက်မနည်း ရှိတယ်။ အခုလည်း ကယ်ဆယ်ရေးအဖွဲ့တွေကို ဆီဆိုင်က ဆီမရောင်းပေးလို့ အခက်အခဲဖြစ်နေကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
ရေတာရှည်မြို့နယ်မှာ တောင်ငူအထက်ဘက်မှ ဆင်းလာသည့်ရေနှင့် ကန်များရေပြည့်ကာ ပေါက်ကျခြင်းကြောင့် ရေကြီးရေလျှံမှုဖြစ်နေရသည်ဟု သိရ သည်။
“အခုလက်ရှိလည်း ရွာတန်းရှည်တမံက ကျိုးသွားပါပြီ။ အဲဒီဘက်ရွာတွေမှာ လူတွေအိမ်ခေါင်မိုးပေါ်နေနေရပါတယ်။ အပင်ပေါ်နေရတယ်။ အရေးပေါ်ထွက်နေကျတယ်ဆိုပေမယ့် ဆီဆိုင်တွေက ပူးပေါင်းပါဝင်မှုမရှိရင် ဘယ်ကယ်ဆယ်ရေးမှရှေ့ဆက်လို့ရမှာမဟုတ်ပါဘူး။ ဆီဆိုင်တွေ ပူးပေါင်းပေးစေဖို့မျှော်လင့်ပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ တောင်ငူမြို့ပေါ်တွင်လည်း ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် ရေကျော်နေပြီး မြို့ခံပရဟိတအဖွဲ့များ၏ ကြိုတင်ပြင်ဆင် ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် လူအသေအပျောက် သတင်းမကြားရသေးဟု သိရသည်။
ယနေ့တွင် ရေတာရှည်မြို့နယ်တွင် မနေ့ကထက် (၂)ပေဝန်းကျင် ရေထပ်တက်နေသည်ဟုလည်း သိရသည်။
ရေကြီးကာ နေအိမ်များနစ်မြုပ်နေခြင်းကြောင့် သရက်တော၊ ဆွာ၀ပေါက်၊ ဆွာတောင်ကမ်း၊ ဆင်ဂွေ၊ ရွာသစ်၊ သစ်ချဆိပ်၊ ရှမ်းပိုင်း၊ အောက်ငါးဘတ်အင်း၊ အထက် ငါးဘတ်အင်း၊ ပင့်သီလာ၊ ဇရစ်ရိုးကုန်း၊ မိချောင်း‌အိုင်၊ ရွှေသောင် ရွာဟောင်း၊ စောခမ်း၊ ဘိုတဲစု၊ သောင်ကြီး၊ ရှားတော၊ ကွက်သစ်ကုန်း၊ ကဲလင်းဆိပ်ရွာတို့မှာ အခြေအနေဆိုးသည်ဟု သိရသည်။

#TachileikNewsAgency
Photo: ရွာတန်းရှည်တမံကျိုးနေပုံ