ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ

by

in

ပဲခူးတိုင်း တကျော့ပြန်ရေကြီးမှု တောင်ငူမှာ အဆိုးရွားဆုံးရင်ဆိုင်နေရပြီး ရွာတွေမှာပိတ်မိနေသူ အများအပြားရှိနေ
စက်တင်ဘာ ၁၃ – ၂၀၂၄
GG (VOM)

ပဲခူးတိုင်းမှာ တကျော့ပြန်ထပ်ပြီးရေကြီးနစ်မြုပ်နေကာ လက်ရှိ တောင်ငူခရိုင်ထဲက ကျေးရွာအများစုမှာ ရေကြီးနစ်မြုပ်မှုဒဏ်ကိုအဆိုးရွားဆုံးရင်ဆိုင်နေရပြီး လူတွေပိတ်မိနေတဲ့ရွာတွေ ရှိနေတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေလုပ်ဖို့လိုအပ်နေတယ်လို့သိရပါတယ်။
တောင်ငူခရိုင်ထဲက စစ်တောင်းမြစ်ဘေးတလျှောက်နေထိုင်တဲ့ ရွာအများစုရေလွှမ်းမိုးမှုခံနေရပြီး ကျေးရွာအချို့မှာခုချိန်ထိကယ်ဆယ်ရေးတွေရောက်မလာသေးတာကြောင့် ရွာထဲကနေအိမ်တွေမှာပဲ ပိတ်မိနေကြောင်း ၊ တချို့နှစ်ထပ်နေအိမ်တွေပင်ရေနစ်မြုပ်သွားတာတွေရှိနေတယ်လို့သိရပါတယ်။
” အရှေ့ဖက်ကမ်းရွာသစ်ကုန်းလဲရေမြုတ်ကုန်ပီးလူတွေလဲထွက်လို့မရကြတော့ဘူး။ ရွာတန်းရှည်အတွင်းတံမန် အပြင်တံမန် ရေကျော်ကျိုးလို့ အကူအညီလိုအပ်နေတယ်။ ကျေးအင်းထုံးဘိုရွာဘက်မှာလည်း လူတွေပိတ်မိနေပါတယ်ဆိုပြီး အကူအညီတွေတောင်းတာအများကြီးရှိတယ်။” လို့ ကယ်ဆယ်ရေး လုပ်နေသူတယောက်ကပြောပါတယ်။
စစ်တောင်းမြစ်ဘေးက ကျေးရွာအများစုမှာ ရေနစ်မြုပ်နေတာကြောင့် ရေစီးလည်းသန်နေတဲ့အတွက် အချို့ရွာတွေဘက်ကို ကယ်ဆယ်ရေးလုပ်ဖို့သွားရန်ပင် အန္တရာယ်များတဲ့အခြေအနေရှိတယ်လို့သိရပါတယ်။
” ဒိုးအင်း ၊လေးအိမ်စု ၊အရှေ့ဆင်ရွာ ၊ကျေးအင်းထုံးဘို ၊ကွမ်းသီးပင် ၊သဖန်းပင် ဉချောင်းကမ်း ၊ရွာတန်းရှည် ၊ပိတောက်ကုန်း ၊ လက်ပံတံခါးမှာ အခြေနေအရမ်းဆိုးနေပါတယ် ။နှစ်ထက်အိမ်တောင်ရေထိပြီး တချို့ခေါင်မိုးပေါ်တက်နေပါပြီ။ လူတချို့သစ်ပင်ပေါ်တက်နေရပြီး သက်ကြီးရွယ်အိုနဲ့ ကလေးတွေပိက်မိနေပါတယ်။ တချို့ရွာတွေက တာတမံကြိုးသွားတာကြောင့် ပိတ်မိနေတာပါ။ အခြေနေအရမ်းဆိုးနေပါပြီ။ ကူညီကယ်ဆယ်ဖို့ကြိုး စားနေပါတယ်။ တချို့နေရာတွေ သွားကယ်ဖို့တောင်အန္တယ်ရှိပါတယ်။ ” လို့ မြေပြင်မှာကယ်ဆယ်ရေးလုပ်နေတဲ့ တောင်ငူအခြေစိုက်ပရဟိတသမားတယောက်ကပြောပါတယ်။
လက်ရှိမှာ ဆွာဆည်နဲ့ သောက်ရေခပ်ဆည်ကလည်းရေတွေတိုးနေတာကြောင့် ရေတွေ ဆက်လွှတ်နေတဲ့အတွက် စစ်တောင်းမြစ်ဘေးကရွာတွေရေထပ်တိုးနိုင်တယ်လို့သိရပါတယ်။ ရေတာရှည် မြို့နယ်ထဲက စစ်တောင်းမြစ်ဘေးရွာတွေလည်း ရေနစ်မြုပ်မှုကိုခံနေရပြီး အရေးပေါ်ကူညီရေးတွေလုပ်ဖို့လိုအပ်နေပါတယ်။
ဒါအပြင်အုတ်တွင်း ၊ထန်းတပင်၊မဒေါက်မြို့၊ ရွှေကျင်မြိ့ နယ်မှာလည်း ရေကြီးနေပြီး အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။
ပဲခူးအနောက်ခြမ်းကသာယာဝတီခရိုင်မှာလည်းမိုးအဆက်မပြတ်ရွာသွန်းနေလို့ ရေလှောင်တမံလေးခုဖြစ်တဲ့ သဲကောရေလှောင်တမံ ၊ဂမုန်းရေလှောင်တမံ၊ ဘော်ဘင်ရေလှောင်တမံ၊ ဘော်ဘင်(ရေကူး)ရေလှောင်တမံတွေရဲ့ ရေပိုလွဲတွေကနေ ဆည်ရေတွေကို ဆက်တိုက်လွှတ်ချနေတာကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ် နေတယ်လို့သိရပါတယ်။
ဒါကြောင့် မိုးစပါးစိုက်ခင်းတွေအပါအဝင် သီးနှံစိုက်ခင်းအများအပြားလည်း တကျော့ပြန်ရေနစ်မြုပ်မှုကြုံနေရပါတယ်။
စစ်တောင်းမြစ်၊သံလွင်မြစ်၊ပဲခူးမြစ် သုံးစင်းက လက်ရှိမှာ စိုးရိမ်ရေမှတ်အထက်ကိုကျော်လွန်နေတဲ့အပြင် နောက်ထပ်လည်း မြင့်တက်လာနိုင်လို့ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူး သတိပြုကြဖို့ မိုးဇလ နဲ့ မိုး သတိပေးထားပါတယ်။
Photo:CJ