ရန်ကုန်မှာ ထူးကဲဒီရေ သတိထားဖို့ လေ့လာသူပြော

by

in

ရန်ကုန်မှာ ထူးကဲဒီရေ သတိထားဖို့ လေ့လာသူပြော
~~~
သီရိမင်းဇင် (ဝါရှင်တန်ဒီစီ)

■ ဗီယက်နမ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းကဝင်ခဲ့တဲ့ မုန်တိုင်းရာဂီဟာ မိုင် ၃ဝဝ နီးပါးလောက် အချင်းရှိတဲ့ မုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ တစ်နာရီကို လေတိုက်နှုန်း မိုင် ၁၅၀ နဲ့အထက်ရှိတဲ့အတွက် ၂၀၀၈ ခုနှစ်က မြန်မာကိုဝင်ခဲ့တဲ့ နာဂစ် မုန်တိုင်းထက် ပိုပြင်းထန်ခဲ့တာပါ။ ဒါကြောင့် ဗီယက်နမ်မှာ လူ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။
မြန်မာမှာ ဒီတစ်ကြိမ် နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် လက်ရှိအချိန်အထိ လူ ၃၀ နီးပါး သေဆုံးသွားပြီဖြစ်ကြောင်း RFA က စက်တင်ဘာလ ၁၂ ရက်အထိ ရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံမှာလည်း မုန်တိုင်း ရာဂီအရှိန်ကြောင့် ဒုတိယအကြိမ် ရေကြီးလာရတာလို့ အရပ်ဘက် မိုးလေဝသလေ့လာသူ ဦးဝင်းနိုင် က သုံးသပ်ပါတယ်။
စက်တင်ဘာ ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်း ပြန်ဖြစ်လာပြီး အနောက်တောင် မုတ်သုန်လေ အားကောင်းလာမယ်လို့ သူကပြောပါတယ်။ ဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်၊ တနင်္သာရီ စတဲ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ရန်ကုန်၊ ပဲခူး၊ ကရင်နဲ့ မွန်စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ မိုးများလာမယ်လို့လည်း ဦးဝင်းနိုင် ဆိုပါတယ်။
စက်တင်ဘာ ၁၇ ရက်ကစပြီးတော့ ရန်ကုန်မြစ်ထဲမှာ ထူးကဲဒီရေတက်နိုင်တဲ့အတွက် သတိထား စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။
“အရင်တုန်းက ထူးကဲဒီရေဆိုရင် အခြေခံရေစစ်မျဉ်းအထက် ၂၂ ပေ၊ ၂၁ ပေ အဲလောက်ကျော်တယ်၊ အခုတစ်ခေါက် စက်တင်ဘာ ၁၉ ရက်နေ့မှာ ထူးကဲဒီရေက ရေစစ်မျဉ်းအထက် ၂၃ ပေအထိ တက်မယ် ဆိုပြီးခန့်မှန်းထားတာ ရှိတယ်။ ၁၇ ရက်နေ့လောက်ကနေပြီးတော့ ၂၁ ရက်နေ့လောက်အထိ အောက်က ဒီရေထောက်တဲ့အချိန်၊ အနောက်တောင် မုတ်သုန်လေအားကောင်းလာတဲ့အချိန်၊ ကမ်းရိုးတန်းဒေသတွေနဲ့ ခုန ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတွေဘက်ကို မိုးများလာတဲ့အချိန်နဲ့ ဒီရေတက်ချိန်နဲ့ သွားဆုံလို့ရှိရင်လည်း ရေကြီးတာတွေ ဖြစ်သွားနိုင်တယ်”
မိုးကြီးတာ၊ ရေကြီးတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ တောင်တွေပြို၊ မြေတွေပြိုမယ့်အန္တရာယ်လည်း သတိပြုစရာ ဖြစ်ပါတယ်။
‌ရေစိုပြီး အိနေတဲ့မြေကြီးတွေကို ထိန်းထားဖို့ သစ်ပင်၊ သစ်တောတွေလိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ သစ်တော ပြုန်းတီးမှုတွေကြောင့် မြေတွေပြို၊ တောင်တွေပြိုတဲ့ ဘေးဒဏ်တွေလည်း မကြာခဏဖြစ်ရတယ်လို့ သဘာဝပတ်ဝန်းကျင်လေ့လာသူတွေက ထောက်ပြကြပါတယ်။
သစ်တောပြုန်းနေတဲ့ဒေသတွေမှာ ရေကြီးရင် ပျက်စီးထိခိုက်မှုပိုများရတဲ့အကြောင်း ဦးဝင်းနိုင် က သုံးသပ်ပါတယ်။
“ ရေကြီးတဲ့နေရာတွေကို ကြည့်လိုက်ရင် ရွှံ့မြေ၊ နုန်းမြေနဲ့ သစ်တုံးတွေ သစ်ငုပ်တွေ တော်တော်များများ ပါလာတာတွေ တွေ့လိမ့်မယ်။ ရိုးရိုးရေရဲ့ ထုထည်နဲ့ နုန်းတွေ၊ ရွှံ့တွေ နွံတွေ ပါလာတဲ့ရေရဲ့ ထုထည် သူရဲ့ ဝိတ် (အလေးချိန်) မတူဘူးပေါ့။ ကြည်တဲ့ရေဆိုရင် ဝိတ်နည်းနည်းလျော့မယ်။ သူ့ထဲမှာပါလာတဲ့ အနည်အနှစ်ပိုပြီးတော့ ပျစ်တဲ့‌ရေတွေနဲ့ဆိုတော့ ထုထည်ပိုများတယ်။ ဒါ့ကြောင့်မို့လို့လည်း တံတားတွေ ကျိုးသွားတာ၊ ချောင်းတွေ ကျိုးသွားတာ ဖြစ်တဲ့အနေအထားတွေလည်းများလာတာ။ အဓိက ကတော့ သစ်တောတွေ ပြုန်းတီးတဲ့အခါ တောင်တွေပေါ်က ရေဆင်းတဲ့ဒဏ်ကို မခံနိုင်ဘူးပေါ့”
ဒီတစ်ခေါက် မုန်တိုင်းရာဂီအရှိန်ကြောင့် အရင်က ဆယ်စုနှစ် သုံးစုကြာလောက် ရေဘေးမကြုံခဲ့ရတဲ့ ရှမ်းပြည်နယ် ကလောနဲ့အောင်ပန်းမြို့တွေအပြင် မန္တလေးတိုင်းက ကူမဲမြို့တွေမှာလည်း ရေကြီးပြီး နေအိမ်တွေ ရေနစ်မြုပ်တာတွေရှိတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။
နေပြည်တော်အပါအဝင် မြို့ရွာအတော်များများမှာ ရေဘေးကြုံနေရပြီး အရေးပေါ်အကူညီတွေ တောင်းနေ တာကိုလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်မှာတွေ့နေရပါတယ်။
မိုးကြီးပြီး ရေကြီးရေလျှံဖြစ်နေတဲ့ နေပြည်တော်ကောင်စီနယ်မြေ၊ ကျိုက်ထို၊ ပျော်ဘွယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာ ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့အကြောင်း စစ်ကောင်စီက စက်တင်ဘာ ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာလည်း မုန်တိုင်းရာဂီကြောင့် ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။ အဲဒီလို ရေဘေးကြုံနေတဲ့ဒေသတွေမှာ ထိုင်းလေတပ်က ရဟတ်ယာဉ်တွေနဲ့ ရေနဲ့အစားအသောက် ထောက်ပံ့ပေးနေတာတွေ့ရပါတယ်။
#ရေဘေး #ရန်ကုန် #လတ်လပ်တဲ့အာရှအသံ #rfaburmese