လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ် ▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော

by

in

လောင်းလုံးမြို့နယ်တွင် ငါးရက်ဆက်တိုက်ပွဲဖြစ်
▪️စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု လောင်းလုံး(ပကဖ)ပြော
ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ကျေးရွာများအား စစ်ကြောင်းထိုး၍ ပြည်သူပိုင်ပစ္စည်းများအား ဖောက်ထွင်းခိုးယူနေသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို ငါးရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(စင်တင်ဘာ ၁၂)မွန်းလွဲ ၂ နာရီခန့်က မောင်းမကန်ရဲစခန်းနှင့် ရဲစခန်းနှင့်ကပ်လျက် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုကို တော် လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့သည်။
မူလတွင် မောင်မကန်ရဲစခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများကိုသာ တိုက်ခိုက်ရန် ရည် ရွယ်ခဲ့သော်လည်း စစ်ပမ်း၍ ပြန်ဆုတ်လာသော စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုပါ စခန်းနှင့်ကပ်လျှက် ကျောင်းအတွင်းသို့ရောက်ရှိနေသည်ကိုသိရ၍ နှစ်နေရာလုံးကို တိုက်ခိုက်ခဲ့သည်ဟု လောင်းလုံး(ပကဖ)မှ အသိပေးသည်။
နှစ်ဖက်တိုက်ပွဲအခြေအနေအား အပြည့်အစုံမသိရသေးသော်လည်း တိုက်ခိုက်ချိန် နာရီပိုင်းကြာသည်အထိ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ညနေ ၄ နာရီခန့်အထိ ပြန်လည်ပစ်ခတ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
အဆိုပါ မောင်းမကန်စခန်းအနီး လာရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှာ အင်အား ၇၀ခန့်ဖြင့် စက်တင်ဘာ ၇ ရက်ကတည်းက လောင်းလုံးမြို့နယ် ပြင်ကြီးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကြောင်း ဖြစ်သည်။
ထို့ကြောင့် ယင်းစစ်ကြောင်းကို စက်တင်ဘာ ၇ ရက် ည ၁၂ နာရီခန့်တွင် ပြင်ကြီးရွာ၌ရှိနေစဥ် ၄၀ မမဗုံးပစ်လောင်ချာမပါအဝင် လက်နက်ငယ်များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ခုနစ်ဦးသေဆုံးကြောင်း လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။
အလားတူ အဆိုပါစစ်ကြောင်းသည် စက်တင် ဘာ ၈ရက်က သဘော့ဆိပ်ရွာဘက်သို့ ရောက်ရှိလာရာ လမ်းမှနေ၍ ၄၀ မမများဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့်က ထပ်မံသေဆုံးကြောင်း လောင်းလုံး(ပကဖ)က အသိပေးသည်။
ထို့နောက် စစ်ကောင်စီတပ်စစ်ကြောင်းသည် စင်တင်ဘာ ၉ ရက် နေ့လယ် ၂ နာရီခန့်တွင် မောင်းမကန်ရွာနှင့် ကျောက်ဆင်ကျေးရွာကြားသို့ ခြေလျင်တက်လာစဥ် တော်လှန်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ သုံးဦးထပ်မံသေဆုံးကြောင်း သိရသည်။
စက်တင်ဘာ ၁၀ ရက်တွင် အထိနာနေသော စစ်ကောင်စီတပ်စစ်ကြောင်းကို မြေသယ်ကားနှစ်စီး၊ Vigo ကားတစ်စီးဖြင့် တင်ဆောင်ရာ မောင်းမကန်(၃)ထပ်လမ်း ယင်းနေ့နံနက် ၁၀ နာရီခန့်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိ မရှိ မသိရသေးပေ။
အထက်ပါကဲ့သို့ လေးရက်ဆက်တိုက်ခိုက်ခံရပြီးနောက် မောင်းမကန်ရဲစခန်းနှင့်ကပ်လျှက် ဘုန်းကြီးကျောင်းသို့ ပြန်ဆုတ်လာသော စစ်ကောင်စီတပ်စစ်ကြောင်းမှာ မောင်းမကန်စခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်စဥ် ၎င်းတို့ကိုပါ ထပ်မံတိုက်ခိုက်ခဲ့​ခြင်းဖြစ်ကြောင်း လောင်းလုံး(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“အရင်စစ်ကြောင်းက အဲဒီစခန်းရဲ့နံဘေးမှာရှိတဲ့ ဘုန်းကြီးကျောင်းကို ဆုတ်လာတာပါ။ အင်အား ၇၀ကျော်လောက်ရှိအုံးမယ်ဗျ။ စ ခန်းတိုက်တော့ သူတို့ပါထွက်လာတာ အဲဒီမှာ သူတို့နဲ့ပါ တခါတည်းပွဲဖြစ်တာဗျ”ဟု ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။
အထက်ပါ ငါးရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ဦးကျော်သေဆုံးသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း လောင်းလုံး(ပကဖ)ထံမှ သိရသည်။ သို့သော် စစ်ကောင်စီတပ်​၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီခြားအတည်မပြုနိုင်ပေ။
(လောင်းလုံး(ပကဖ)ရဲဘော်များ စစ်ရေးလှုပ်ရှားမှုလုပ်ဆောင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – လောင်းလုံး ပကဖ)