ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့

by

in

ကရင်နီပြည်မှာ ရေကြီးမြေပြိုမှုကြောင့် လူ နှစ်ဆယ်ကျော် သေဆုံးခဲ့
~~~
■ ရာဂီမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းတာကြောင့် ကရင်နီပြည်မှာ ရေကြီရေလျှံဖြစ်နေပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်အပါအဝင် နှစ်ဆယ်ကျော်သေဆုံးခဲ့တယ်လို့ နီးစပ်သူတွေနဲ့ ကူညီကယ်ဆယ်ရေးလုပ်သူတွေက ပြောပါတယ်။
ဖယ်ခုံမြို့နယ်ရှိ ကာကွယ်ရေးတပ်ဖွဲ့တစ်ခုက တပ်ဖွဲ့ဝင် ၁၈ ဦးဟာ တောင်ကျရေကြောင့် ရေစီးနဲ့ မျောပါသေဆုံးသွားတယ်လို့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကြားတာတော့ ဖယ်ခုံအနောက်ဖက်ခြမ်းမှာလို့ပြောတယ်၊ စစ်သင်တန်း လေ့ကျင်ခန်းဆင်းရင်း တောင်ကျရေစီးနဲ့ မျောပါသွားတယ်လို့ ကြားရပါတယ်၊ သူတို့တပ်တွေက အသေးစိတ် ထုတ်ပြန်မှပဲ သိရမယ်”
ဘယ်ကာကွယ်ရေးတပ်ဖွဲ့က သေဆုံးတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကရင်နီအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်မေးမြန်းပေမဲ့ လက်တလော ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ကရင်နီပြည်မှာ ရေကြီးတာကြောင့် အရပ်သားခြောက်ဦးသေဆုံးတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။
“လူသေဆုံးမှုက အရပ်သားခြောက်ဦး ဒီရက်ပိုင်းအတွင်းမှာ သေဆုံးသွားတယ်လို့ အကြမ်းဖျင်းသိထားတယ်၊ စစ်ခန်းကတော့ အတော်များများထိတော့လေ အိမ်ခြေဘယ်လောက်ပါတယ်ဆိုတာ မသိသေးဘူး၊ လောလောဆယ်တော့ ဖရူဆိုနဲ့ ဖယ်ခုံနဲ့ ကရင်နီပြည်မှာ ရေကြီးတော့ စစ်ရှောင်စခန်းတွေ ထိတာရှိတယ်”
ရှမ်းကယားနယ်စပ် ဖယ်ခုံမြို့နယ်မှာ အရပ်သားသုံးဦးသေဆုံးခဲ့ပြီး အခြားဘယ်နေရာတွေမှာ သေဆုံးခဲ့တယ်ဆိုတာတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက လမ်းပိုင်းတွေမှာ ရေကြီးပြီး တောင်ပြိုတာ၊ တံတားကျိုးတာကြောင့် လမ်းပိတ်တာတွေရှိပြီး အားလုံး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ကိုဗညားက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းက စစ်ဘေးဒုက္ခသည်စခန်းငါးခုမှာလည်း ရေကြီးတာကြောင့် ရွှေ့ပြောင်းရတာတွေရှိပြီး သံလွင်မြစ်ရေပါ တက်တာကြောင့် ကူညီကယ်ဆယ်ရေးတွေပါ လုပ်လို့မရတော့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ အနောက်နဲ့ အနောက်မြောက်ဘက်ကို ရွှေ့လျားနေတဲ့ လေပွေလှိုင်း အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှူးဦးစီးဌာနက စက်တင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
_________________
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်ရှိ ယာဒိုဒုက္ခသည်စခန်အနီး မြေပြိုနေသည့် မြင်ကွင်းတချို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ (Citizen Photo)
#ရေကြီးမြေပြို #ကရင်နီ #ပြည်သူ့ကာကွယ်ရေးတပ် #လွတ်လပ်တဲ့အာရှအသံ #rfaburmese