လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်ရေးက “ရန်နိုင်မင်း” စစ်ဆင်ရေး၏ ဦးစားပေးထိပ်တန်း စစ်ရေးရည်မှန်းချက်အဖြစ်ပါဝင်၊ လေယာဉ်ဆီ၊ လေယာဉ်ပစ်ဒုံးကျည်နှင့်ခဲယမ်းများကို အိန္ဒိယနှင့်ဥဘက်ကစ္စတန်နိုင်ငံမှ အဓိက ဝယ်ယူနေ

by

in

လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်ရေးက “ရန်နိုင်မင်း” စစ်ဆင်ရေး၏ ဦးစားပေးထိပ်တန်း စစ်ရေးရည်မှန်းချက်အဖြစ်ပါဝင်၊ လေယာဉ်ဆီ၊ လေယာဉ်ပစ်ဒုံးကျည်နှင့်ခဲယမ်းများကို အိန္ဒိယနှင့်ဥဘက်ကစ္စတန်နိုင်ငံမှ အဓိက ဝယ်ယူနေ
ရန်ကုန်၊ စက်တင်ဘာ၁၂
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းပိုက်ရေးက စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဦးစားပေး စစ်ရေးရည်မှန်းချက်ဖြစ်နေပြီး “ရန်နိုင်မင်း” စစ်ဆင်ရေးဖြင့် လားရှိုးမြို့နှင့် ရမခတိုင်းစစ်ဌာနချုပ် ကို ပြန်လည် တိုက်ခိုက် သိမ်းပိုက်ရန်ရှိနေကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ခဲ့သည့် ရန်နိုင်မင်း စစ်ဆင်ရေးတွင် စစ်ကောင်စီက လက်လွှတ်ဆုံးရှုံးလိုက်ရသည့် နယ်မြေများအားလုံးကို ပြန်လည် သိမ်းပိုက်ရန် ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ပြီး ပထမ ဦးစားပေး ပြန်လည် သိမ်းပိုက်ရန် ကြိုးစားနေသည့် နယ်မြေမှာ လားရှိုးမြို့နှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ပင်ဖြစ်ကြောင်း ၊ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ပြန်လည် သိမ်းယူရန်အတွက် ထိုးစစ်ဆင်မည့် စစ်ကြောင်းကြီးများကို ဦးစားပေး၍ အင်အား ဖြည့်တင်းနေကာ လေကြောင်းထိုးစစ်နှင့် ကြည်းကြောင်း ထိုးစစ်ကို ပူးတွဲ စစ်ဆင်ရေး လုပ်ဆောင်နေကြောင်း သိရှိရသည်။
“ရန်နိုင်မင်း စစ်ဆင်ရေးမှာ ဦးစားပေး ပြန်သိမ်းပိုက်ဖို့က လားရှိုးနဲ့ ရမခဖြစ်ပါတယ်။ ရမခ ဆုံးရှုံးမှုက တပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည် ဆယ်ယူဖို့ ရမခနဲ့ လားရှိုးကို ပထမ ဦးစားပေးအနေနဲ့ ပြန်လည် သိမ်းပိုက်ဖို့ တပ်ချုပ်က ညွှန်ကြားပါတယ်။ လိုအပ်တဲ့ စစ်အင်အားကိုလည်း ဘက်ပေါင်းစုံကနေ ဖြည့်တင်းနေပါတယ်။ တပ်ချုပ်ကိုယ်တိုင်ကလည်း လားရှိုးနဲ့ ရမခ ပြန်ရမယ်လို့ ယုံကြည်ထားပုံရပါတယ်။ လက်ရုံးတပ်တွေနဲ့ တပ်သားသစ်တွေကိုလည်း ရှမ်းမြောက်ဘက်ကို ဦးစားပေး ပို့ဆောင်တာလည်းရှိပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စစ်ကောင်စီ လေကြောင်းထိုးစစ်ဆင်ရန်အတွက် လေယာဉ်ဆီနှင့် လေယာဉ်ပစ် လက်နက်ခဲယမ်းများကို အိန္ဒိယနှင့် ဥဘက်ကစ္စတန်နိုင်ငံတို့မှ အဓိက တင်သွင်းနေကြောင်း၊ လေယာဉ်ဆီကို လေကြောင်း၊ကုန်းကြောင်းနှင့် ရေကြောင်းများမှ ပုံစံမျိုးဖြင့် ပြည်တွင်းသို့ တင်သွင်းလျက်ရှိကြောင်း သိရှိရသည်။
ရန်နိုင်မင်းစစ်ဆင်ရေးအရ လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ယခုနှစ်မကုန်မီအတွင်း စစ်ကောင်စီက ပြန်လည် သိမ်းပိုက်ရန် ရည်ရွယ်ထားကြောင်း သိရှိရသည်။