နေပြည်တော် တပ်ကုန်းရေကြီးမှုတွင် ရွာ ၂၀ ကျော်ရေနစ်မြုပ်၍ ပိတ်မိသူများရှိနေပြီး လူသေဆုံးမှုများရှိလာ

by

in

နေပြည်တော် တပ်ကုန်းရေကြီးမှုတွင် ရွာ ၂၀ ကျော်ရေနစ်မြုပ်၍ ပိတ်မိသူများရှိနေပြီး လူသေဆုံးမှုများရှိလာ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၁ ရက်

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင်းရှိ ကျေးရွာများတွင် ရေကြီးရေလျှံ၍ နေအိမ်များနစ်မြုပ်မှု ဖြစ်ပေါ်နေပြီး လူများပိတ်မိနေသဖြင့် အရေးပေါ်ကယ်ဆယ်ရေးများ လိုအပ်လျက်ရှိ ကြောင်း ဒေသခံများထံက သိရသည်။
ယနေ့ စက်တင်ဘာ ၁၁ ရက်နေ့နံနက်အစောပိုင်းတွင် ကျေးရွာများရှိ နေအိမ်များအတွင်း ရေများဝင်ရောက် လာပြီး ၇ ပေအထိမြင့်တက်ကာ နေအိမ်အချို့ ခေါင်း မိုးများပင်ရေနစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။
“ခုထိကယ်ဆယ်ရေးတွေ မရောက်သေးဘူး။ ခေါင်းမိုးပေါ်တက်ထိုင်နေရတာ။ ဘာပစ္စည်းမှလည်းမယူနိုင်ဘူး။ အချို့နှစ်ထပ်အိမ်တွေတောင် အပေါ်ထပ်ကိုပါ ရေရောက်နေပြီ။ ရေကလည်း ထပ်တက်လာတာ ၇ ပေကျော်နေပြီ” ဟု တပ်ကုန်းမြို့၊ မကျည်းပင်ကျေးရွာနေ ဒေသခံတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
မိုးသည်းထန်စွာ‌ရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် တပ်ကုန်းမြို့နယ်ရှိ ကျေးရွာပေါင်း ၂၀ ကျော်ရှိ နေ အိမ်များအတွင်း ရေဝင်နစ်မြုပ်နေပြီး ပိတ်မိသူများ လည်းရှိနေကြောင်း သိရသည်။
“ကယ်ဆယ်ရေးများကူညီကြပါဦး။ အနီးနားကရွာထဲရောက်အောင် သွားနိုင်ခဲ့ပေမယ့် ခြံထဲအမျိုးသားနဲ့ ဦးလေးဖြစ်သူရယ် ခွေးလေး ကိုး ကောင်ရယ်ကျန်ခဲ့လို့ပါ။ နေရာက တပ်ကုန်း ကပဆလမ်းခွဲအနီး သာယာအေးရွားနားမှ ကိုရီးယားကြက်ခြံပါ” ဟု အမျိုးသမီး တစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသား၍ အကုအညီတောင်းခံထားသည်ကို တွေ့ရသည်။
တပ်ကုန်းမြို့နယ်အတွင်းရှိ မန်းကျည်းပင်၊ လက်ပုံပု၊ ပိန်းတော၊ သရက်ကုန်း၊ ရှောက်ကုန်း၊ ညောင်ကုန်း၊ ညောင်လွန့်၊ တပ်ကုန်းမြို့တွင်း၊ အနော်ရထာရပ် ကွက်၊ ဘုရင့်နောင်ရပ်ကွက်၊ ရွှေမာန်တော်ရပ်ကံက်၊ တပ်ကုန်းခုတင် ၁၀၀ ဆေးရုံနှင့် ဘိုးဘွားရိပ်သာများလည်း ရေနစ်မြုပ်မှုများဖြစ်ပေါ်နေကြောင်း ကယ် ဆယ်ရေးအဖွဲ့ထံက သိရသည်။
ရေလွတ်ရာ အထပ်မြင့်နှင့် နေအိမ်ခေါင်းမိုးပေါ်များတွင် တက်ရောက်နေသူအချို့ ပိတ်မိလျက်ရှိနေပြီး တပ်ကုန်းမြို့နယ်တွင်းရှိ ကျေးရွာတွင်းမှ ရေနစ်မြုပ်မှု ကြောင့် အသက်ကြီးပိုင်းနှင့် ကလေးငယ်တစ်ဦး စုစု ပေါင်း နှစ်ဦးသေဆုံးကာ ရေများထပ်တိုး လာပြီး အခြေအနေအသေးစိတ်ကို မသိရသေးဟု ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသူ တစ်ဦးက ဆိုသည်။
လက်ရှိတွင် ရန်ကုန်-မန္တလေးလမ်းဟောင်း ၂၄၅ မိုင် တပ်ကုန်းတိုးဂိတ်အနီး ကင်းသာ တံတားကျိုး၍ ကားများပိတ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးထံက သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊
#နေပြည်တော် #တပ်ကုန်း #ကျေးရွာများ #ရေနစ်မြုပ် #လူသေဆုံး #ပိတ်မိ #Ayeyarwaddy_Times