ကင်းတားဆည်က ရေလွှတ်နေ၊ ပျော်ဘွယ်မှာ တံတားတစ်စင်း ရေတိုက်စားခံရလို့ ရန်ကုန် – မန္တလေး ရထားလမ်း ပြေးဆွဲမရတော့၊ ဆည်ရေလွှတ်၊ မြစ်ရေတက်လို့ ကျောက်ဆည်နဲ့ မြစ်သားနယ်ထဲ ရေကြီးနစ်မြုပ်နေ၊

by

in

ကင်းတားဆည်က ရေလွှတ်နေ၊
ပျော်ဘွယ်မှာ တံတားတစ်စင်း ရေတိုက်စားခံရလို့ ရန်ကုန် – မန္တလေး ရထားလမ်း ပြေးဆွဲမရတော့၊
ဆည်ရေလွှတ်၊ မြစ်ရေတက်လို့ ကျောက်ဆည်နဲ့ မြစ်သားနယ်ထဲ ရေကြီးနစ်မြုပ်နေ၊
ဒေါ်လာ/MFP ၊ စက်တင်ဘာ – ၁၁

မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ ပန်းလောင်မြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ကင်းတားရေလှောင်တမံမှာ ရေပြည့်မှတ်ရောက်ဖို့ နှစပေခန့်သာ လိုတော့ပြီး စက်တင်ဘာလ ၁၁ရက် ဒီကနေ့ မွန်းလွဲပိုင်းအချိန် ရေထိန်းတံခါး လေးခုကနေ ရေထုတ်လွှတ်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ကင်းတားဆည်ရဲ့ ရေပြည့်အမှတ်ဟာ ၂၀၇ ဒဿမ ၂၅ မီတာဖြစ်ပြီး ဒီနေ့ ညနေပိုင်း ၂၀၆ ဒဿမ ၇၆ မီတာအထိ ရေတက်နေကာ ရေပြည့်မှတ်ရောက်ဖို့ နှစ်ပေခန့်သာ လိုတော့ကြောင်း၊ မြစ်သားနယ်အပါအဝင် ကင်းတာဆည် အထက်ပိုင်းမှာ မိုးရေချိန် ၁ဒဿမ၇ လက်မနှုန်းအထိ မိုးဆက်လက် ရွာသွန်းနေတာကြောင့် ဆည်ရေထပ်မံ ထုတ်လွှတ်ဖွယ် ရှိတယ်လို့ ကင်းတားဆည်အစောင့်တစ်ဦးက ဆိုပါတယ်။
“ကင်းတားဆည် အောက်ဘက်မှ ပြည်သူများ မိုးက ဆက်လက်ရွာသွန်းနေပါတယ်။ အခု အခြေအနေတိုင်းဆို ရေထပ်လွှတ်နိုင်ပါတယ်။ သောက ပေးတယ်လို့ မထင်ပါနဲ့။ ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးခြင်းသာ”
ကင်းတားဆည်ရေကို ပန်းလောင်မြစ်ထဲ ထုတ်လွှတ်ပြီး ပန်းလောင်မြစ်ဟာ ကျောက်ဆည်မြို့အနီးမှာ စမုံမြစ်အတွင်း စီးဝင်ကာ တံတားဦးမြို့၊ အင်းဝမြို့ဟောင်းအနီးမှာ မြစ်ငယ်မြစ် ခေါ် ဒုဌဝတီမြစ်အတွင်း စီးဝင်ပါတယ်။ မြစ်ငယ်မြစ်ဟာအင်းဝအနီးမှာ ဧရာဝတီမြစ်ထဲ စီးဝင်တာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ စက်တင်ဘာလ ၁၁ရက် ဒီကနေ့ မနက်ပိုင်း ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့အနီးက တံတားတစ်စင်း ရေတိုက်စားခံရကာ တံတား သံဘောင်တွေ ပြုတ်ထွက်လို့ မန္တလေး – ရန်ကုန် ရထားလမ်း ပြေးဆွဲလို့ မရတော့ဘဲ ရပ်တန့်ထားရတယ်လို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
ပျော်ဘွယ်မြို့ရဲ့ တောင်ဘက် သုံးမိုင်ခန့်အကွာ၊ ကျောင်းကုန်း ကျေးရွာအနီး ရန်ကုန်-မန္တလေး မီးရထားသံလမ်း မိုင်တိုင်အမှတ်(၂၈၅)အနီး၊ အမှတ်(၁)သံလမ်းပေါ်က သံဘောင်တံတား ထောက်တိုင်တွေ ရေတိုက်စားခံရကာ ပြုတ်ထွက်လို့ မီးရထားလိုင်းတွေ ပြေးဆွဲမှု ရပ်နားထားရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မိုးရွာရေကြီးလို့ ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကန် ကျိုးပေါက်ကာ ကျေးရွာတွေ ရေနစ်မြုပ်နေသလို ရမည်းသင်း မြို့နယ်ထဲမှာလည်း ကျေးရွာတွေ ရေမြုပ်နေတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
တချိန်တည်းမှာပဲ မိုးသည်းထန်စွာ ရွာသွန်းလို့ မြစ်သားနယ်က ကင်းတားဆည် ရေပြည့်လျှံကာ ရေပိုလွှဲ ထုတ်လွှတ် နေရပြီး မြစ်သားနဲ့ ကူမဲနယ်က ပန်းလောင်မြစ်တလျှောက် ကျေးရွာတွေ ရေဝင်နစ်မြုပ်နေသလို ဇော်ဂျီမြစ်နဲ့ ချောင်းမြောင်းတွေ ရေတက်လို့ ကျောက်ဆည်မြို့နဲ့ ကျောက်ဆည်နယ် ကျေးရွာတွေလည်း ရေကြီး နစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လည်ပိုင်း ကင်းတားဆည် ရေထိန်းတံခါး လေးခုကနေ ရေထုတ်လွှတ်နေပြီး မိုးဆက်လက် ရွာသွန်းနေလို့ ဆည်အောက်ဘက်က ရွာတွေ သတိထားသင့်တယ်လို့ ဒေသခံတစ်ဦးက သတိပေးပါတယ်။
“ကင်းတားဆည် အောက်ဘက်မှ ပြည်သူများ မိုးက ဆက်လက်ရွာသွန်းနေပါတယ်။ အခု အခြေအနေတိုင်းဆို ရေထပ်လွှတ်နိုင်ပါတယ်။ သောက ပေးတယ်လို့ မထင်ပါနဲ့။ ကြိုတင်ပြင်ဆင်နိုင်အောင် အသိပေးခြင်းသာ”
ဒီကနေ့ မနက် ၉နာရီက စတင်ပြီး ကျောက်ဆည်မြို့ ကြက်မင်းတွန်ရပ်ကွက် အပါအဝင် ကျောက်ဆည်နယာ်က ကျေးရွာ ၂၈ရွာ ရေကြီးနစ်မြုပ်နေပြီး စာသင်ကျောင်း ၅၀ နီးပါး ပိတ်ထားရတယ်လို့ စစ်အုပ်စုက ဆိုပါတယ်။
ကျောက်ဆည်နယ်ထဲ ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ် ရေကျော်နေလို့ ကားတွေ အသွားအလာ ခက်ခဲနေသလို ဟံမြင့်မိုရ် – ရွာငံလမ်း ရေတိုက်စားခံရကာ လမ်းပျက်စီးလို့ ဖြတ်သန်းသွားလာ မရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
“ဟံမြင့်မိုရ် – ရွာငံ သွားတဲ့ လမ်းမကြီးမှာ လမ်းပျက်စီးပြီး ရေကျော်နေပါသဖြင့် ဟံမြင့်မိုရ် – ရွာငံ လမ်းကို အသုံးပြုလို့ မရဖြစ်နေပါသည်။ လမ်းမကြီးသား ပေ ၂၀၀ ဝန်းကျင်လောက်မှာ ရေတိုက်စား ပျက်စီးသွားပါသည်။ ဟံမြင့်မိုရ်မှ နောင်ခမ်းရွာထိသာ သွားလာလို့သာ ရပါသည်။ ဒီလမ်းမကြီး ပျက်စီးပြီး ရေတွေ အများအပြား မုန်တိုင် – ရေဝန်း တကြောသို့ စီးဆင်းသွားခြင်းကြောင့်သာ ဇော်ဂျီမြစ်သို့ ရေအဝင် သက်သာသွားပြီး ကျောက်ဆည်မြို့ ရေကြီးရေဝင်မှုအတွက် အတန်အသင့် သက်သာသွားတယ် ပြောရမလိုပါပဲ။ စိတ်မကောင်းစရာက မုန်တိုင်-ရေဝန်းတကြောမှာတော့ ရွာထဲထိ ရေအများပြား ဝင်ရောက်ပြီး စိုက်ခင်းနဲ့ လူနေအိမ်ခြေတွေ ပျက်စီးဆုံးရှုံးရ၊ အိမ်တွေကနေ လူတွေ ပြောင်းကြ ရွှေ့ကြရတွေ ဖြစ်နေကြရပြီလို့ ကြားသိရပါတယ်” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
တောင်တရုတ်ပင်လယ်မှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း Yagi (ယာဂီ) ရဲ့ အရှိန်ကြောင့် ရှမ်းပြည်တောင်ပိုင်းက ပင်းတယ၊ ရွာငံ၊ ကလော၊ အောင်ပန်း စတဲ့ မြို့တွေနဲ့ ရှမ်းပြည်အရှေ့ပိုင်းက တာချီလိတ်မြို့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။
ကျောက်ဆည်နဲ့ မြစ်သားနယ်ထဲ စီးဆင်းနေတဲ့ ဇော်ဂျီမြစ်နဲ့ ပန်းလောင်မြစ်တွေဟာ ရှမ်းပြည်တောင်ပိုင်းက ပင်းတယနဲ့ ရွာငံဒေသတွေနဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။
မိုး ဆက်လက် ရွာသွန်းနေပြီး ဆက်လက် ရေကြီးနစ်မြုပ်နိုင်တာကြောင့် ကျောက်ဆည်နဲ့ မြစ်သားနယ် အပါအဝင် မြစ်၊ ချောင်းဘေးနေ ကျေးရွာတွေအနေနဲ့ ရေဘေးအန္တရာယ် သတိထားဖို့၊ နေအိမ်အောက်ထပ်တွေမှာ ထားတဲ့ အရေးကြီးပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်တွေကို ရေလွတ်ကင်းနိုင်တဲ့နေရာ ပြောင်းရွှေ့ထားဖို့နဲ့ ရေလွတ်နိုင်တဲ့ နေရာ ရွှေပြောင်းနိုင်ရေး ပြင်ဆင်ထားကြဖို့ ပြည်သူအချင်းချင်း သတိပေး တိုက်တွန်းနေပါတယ်။
#Mandalay_Free_Press_MFP