အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ မတည်မငြိမ်ဖြစ်နေပြီး အတက်အကျ ကြမ်းနေကာ နာရီနှင့်အမျှ အပြောင်းအလဲ မြန်လွန်းနေ

by

in

အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ မတည်မငြိမ်ဖြစ်နေပြီး အတက်အကျ ကြမ်းနေကာ နာရီနှင့်အမျှ အပြောင်းအလဲ မြန်လွန်းနေ
ရန်ကုန်၊ စက်တင်ဘာ ၁၁
မြန်မာနိုင်ငံ၏ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးနှုန်းများ မတည်မငြိမ်ဖြစ်နေပြီး အတက်အကျ ကြမ်းနေကာ နာရီနှင့်အမျှ အပြောင်းအလဲ မြန်လွန်းနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
စက်တင်ဘာလ ၉ ရက်နေ့ အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၄၉၀၀ ကျပ်အထိ တဟုန်ထိုးကျဆင်းခဲ့သော်လည်း ယင်းနောက် ယင်းနေ့တွင်ပင် အမေရိကန်တစ်ဒေါ်လာလျှင် ၅၀၀၀ ကျပ် ကျော်အထိ ပြန်လည် မြင့်တက်လာကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ တွင်လည်း အမေရိကန်ဒေါ်လာစျေးနှုန်းများမှာ အတက်အကျ ကြမ်းနေခဲ့ကြောင်း၊ ယနေ့တွင်မူ အတက်ပိုင်းသို့ ပြန်လည် မြင့်တက်ခဲ့သော်လည်း မတည်မငြိမ်ဖြစ်နေကြောင်း သိရှိရသည်။
“ဒေါ်လာစျေးက တစ်ဒေါ်လာကို ၄၉၀၀၊ ၄၈၀၀ လောက်အထိကို ပြန်ထိုးကျသွားတာ။ အဲဒါက စက်တင်ဘာလ ၉ ရက်နေ့မှာ ကျခဲ့တာ။ အဲဒါပြီးတော့ တစ်နေ့တည်းကို အတက်အကျ ကြမ်းနေတယ်။ နာရီပိုင်းအလိုက်ကို ပြောင်းနေတာ။ ၅၆၀၀ နဲ့ ၅၀၀၀ အကြားမှာ ၀ုန်းကနဲ တက်၊ ၀ုန်းကနဲကျ အဲဒီလိုတွေဖြစ်နေတယ်။ အဲဒီလိုတွေ မတည်မငြိမ်ဖြစ်တော့ အလုပ်လုပ်ရတာ အင်မတန်ခက်တယ်” ဟု ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြားငွေလဲဒိုင်တစ်ဦးက ပြောဆိုသည်။
လတ်တလော ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီကျော်အချိန်က အမေရိကန်တစ်ဒေါ်လာ ၅၆၀၀ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း မွန်းလွဲပိုင်းတွင် အမေရိကန်တစ်ဒေါ်လာ ၅၅၀၀ ကျပ်အထိ ပြန်လည်ကျဆင်းလာကြောင်း၊ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်ရောင်းချပေးနေသော်လည်း ယင်းရောင်းချသည့်ငွေကြေးများမှာ ပြင်ပစျေးကွက်သို့ ထွက်လာခြင်းမရှိဘဲ ပုဂ္ဂလိကဘဏ်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအကြားတွင်သာ ရှိနေကြောင်း သိရှိရသည်။
” ငွေလဲနှုန်းက မငြိမ်တော့ အဲဒါက ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ အဲဒီလို မတည်မငြိမ်ဖြစ်နေရင် အလုပ်တွေ ထိခိုက်တယ်။ စီးပွားရေး လုပ်တဲ့သူက ဘယ်ငွေစျေးနဲ့လုပ်ရမလဲမသိဘူး။ ငွေစျေးတွေ တအားခွာလုပ်တော့ တကယ်ဖြစ်သင့်တဲ့စျေးမရဘူးဖြစ်တယ်။ အဲဒီလောက် အပြောင်းအလဲမြန်ရင် ဘယ်လိုမှ အလုပ်လုပ်ရတာ အဆင်ပြေမှာမဟုတ်ဘူး” ဟု UMFCCI မှ အဖွဲ့ဝင် စီးပွား ရေး သမားတစ်ဦးက ရှင်းလင်း ပြောဆိုသည်။
ယနေ့ ရွှေစျေးနှုန်းမှာမူ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သိန်း ၇၀ နှင့် ၇၁ သိန်းအကြား အရောင်းအဝယ်ပေါက်နေကြောင်း သိရှိရသည်။