တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီက စစ်မှုထမ်း အမှတ်စဉ် (၅) သင်တန်းဖွင့်

by

in

တိုက်ပွဲတွေ ပြင်းထန်နေချိန် စစ်ကောင်စီက စစ်မှုထမ်း အမှတ်စဉ် (၅) သင်တန်းဖွင့်
~~~
■ နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေချိန်မှာပဲ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) ကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်တွေရဲ့ သင်တန်းကျောင်းအသီးသီးမှာ စတင်ဖွင့်လှစ်နေပြီလို့ စစ်ကောင်စီက စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာပါတယ်။
အမှတ်စဉ် (၅) ကို တက်ရောက်ကြမဲ့ သင်တန်းသားအရေအတွက် အတိအကျကိုတော့ မဖော်ပြထားပါဘူး။ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ အမှတ်စဉ်တစ်ခုကို လူငါးထောင်နှုန်းနဲ့ တစ်နှစ်ကို အင်အားငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ အခုနှစ် ဖေဖော်ဝါရီလထဲမှာ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။
စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းတွေ ခေါ်ယူပြီး အင်အားတိုးဖို့ လုပ်ဆောင်နေတာ ဖြစ်ပေမဲ့ လူထုထောက်ခံမှုမရှိတာကြောင့် စစ်မှန်တဲ့အင်အားဖြစ်မလာနိုင်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“ပြည်သူ့တွေက သူတို့ကို ထောက်ခံအားပေးမှုမရှိတာကြောင့် ဒီလို အတင်းအဓမ္မ ခေါ်ယူစုဆောင်းတာဟာ စစ်ကောင်စီအတွက် အင်အားတော့ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါကြောင့် အပတ်စဉ် (၅) မကလို့ အပတ်စဉ် (၁၀) ပဲခေါ်ခေါ် ဒီသင်တန်းသားတွေဟာ စစ်ကောင်စီအတွက်တော့ စစ်အင်အားတိုးလာစရာမရှိပါဘူး”
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ဥပဒေအသက်ဝင်ကြောင်း စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် ဧပြီလကစတင်ပြီး လအလိုက် အပတ်စဉ်သစ်တွေ ဆက်တိုက်ခေါ်ယူနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေအရ လူသစ်စုဆောင်းပြီး အခြေခံစစ်သင်တန်းပေးထားတဲ့ ပထမအသုတ် သင်တန်းဆင်း တပ်သားသစ်တွေကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဆီ ခွဲပြီးပို့နေတယ်လို့ စစ်မှုထမ်းဖို့ ခေါ်ဆောင်ခံခဲ့ရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောဆိုနေကြပါတယ်။
ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က စစ်မှုထမ်းအမှတ်စဥ် (၁) သင်တန်းဆင်း လူငယ်နှစ်ဦးလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်ခံခဲ့ရပြီး ဇူလိုင်လ ၃၀ ရက်နေ့က လားရှိုးတိုက်ပွဲမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ဩဂုတ်လ ၁၀ ရက်နေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းတစ်ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီကတော့ စစ်မှုထန်းသင်တန်းတွေ လုပ်နေတဲ့အပြင် ရပ်ကွက်၊ ကျေးရွာအထိ လက်နက်တပ်ဆင်နိုင်မဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လအတွင်းမှာ ဖွဲ့စည်းထားပါတယ်။
—————
ရန်ကုန်တိုင်း စစ်ဌာနချုပ် လေ့ကျင့်ရေးကျောင်းတွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၅) ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။ (Photo: Telegram/ ပြည်သူ့စစ်မှုထမ်းများ စုစည်းရာ)
#စစ်မှုထမ်း #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese