ရန်ကုန်တွင်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ များနေပြီးဆေးရုံကြီးတွင်သီးသန့်ခွဲ၍ကုသနေ ▪︎ပုဂ္ဂလိကဆေးရုံများတွင်ဝမ်းရောဂါလူနာများကို ကုသပေးနေသော်လည်းဆေးရုံတက်ခွင့်မပြု

by

in

ရန်ကုန်တွင်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ များနေပြီးဆေးရုံကြီးတွင်သီးသန့်ခွဲ၍ကုသနေ
▪︎ပုဂ္ဂလိကဆေးရုံများတွင်ဝမ်းရောဂါလူနာများကို ကုသပေးနေသော်လည်းဆေးရုံတက်ခွင့်မပြု
သုည/People’s Spring
ရန်ကုန်မြို့တွင်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားမှု များပြားနေပြီး ပြည်သူ့ဆေးရုံကြီးတွင် သီးသန့်ဆောင်ခွဲ၍ ကုသ​ပေးနေရကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံရှိ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မိုးအစ ဇွန်လကုန်ခါနီးထဲက ဝမ်းပျက်ဝမ်းလျှောတဲ့ လူနာတွေ တော်တော်များလာတယ်။ ရန်ကုန်ဆေးရုံကြီးမှာဆို လူ ၅၀ ကျော်လောက် ဒီရောဂါ ဖြစ်တာဆိုတော့ ကူးစက်မှာ စိုးရိမ်တဲ့အတွက် သီးသန့်ဆောင်ခွဲပြီး ကုသနေရတယ်။ ကာလဝမ်းရောဂါ လို့တော့ ပြောလို့ မရသေးဘူး။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါလို့ပဲ ပြောရမှာပဲ။ ကူးစက်မှုနှုန်း အရမ်းပြန့်လာတာကိုလည်း မတွေ့ရသေးဘူး။ အဓိက ရေကြီးရေလျှံတတ်တဲ့ နေရာတွေမှာ ရေမသန့်တာ၊ အစားအသောက် မသန့်ရှင်းတာတွေကြောင့် အဖြစ်များတာ တွေ့ရတယ်။ အခု စက်တင်ဘာလအထိကို လူနာတွေ အများကြီး ထပ်တိုးလာတာတော့ မရှိတော့ဘူး။ ရှိတဲ့လူနာတွေကိုလည်း ပျောက်အောင် နည်းနည်းထိန်းနိုင်နေပါပြီ။ သေဆုံးတာမျိုးလည်း မရှိသေးပါဘူး” ဟု အဆိုပါတာဝန်ရှိသူက ​ပြောသည်။
ဇွန်လကုန်ပိုင်းမှစတင်၍ ရန်ကုန်မြို့၌ဝမ်းပျက်ဝမ်း
လျှောရောဂါဖြစ်ပွားမှု များပြားနေပြီး ပုဂ္ဂလိက
ဆေးရုံများတွင် နေ့စဉ် ဝမ်းပျက်ဝမ်းလျှော လူ
နာ ၃ ဦးမှ ၅ ဦးခန့် ကုသနေရသော်လည်း ဆေးရုံတက်ခွင့် မပြုထားကြောင်း ပုဂ္ဂလိကဆေးရုံတစ်ခုမှ ဝန်ထမ်းတဦးက ပြောသည်။
“ဆေးရုံလာတဲ့ လူနာတွေမှာ တစ်ရက်ကို ၃ ဦးကနေ ၅ ဦးလောက်ထိ ဝမ်းပျက်နေကြတယ်။ ဒါက နည်းသွားတယ် ပြောရမှာ ပြီးခဲ့တဲ့ ၇ လပိုင်း၊ ၈ လပိုင်းတုန်းကဆို ဒီ့ထက် လူနာပိုများတယ်။ ကျွန်
တော်တို့ဆီမှာ လာပြတဲ့ လူနာတွေကို ပြင်ပလူနာအနေနဲ့ပဲ ကုသမှု လုပ်ဆောင်ပေးတယ်။ ဆေးရုံတက်ခွင့်တော့ လူကြီးတွေက ခွင့်မပြုထားပါဘူး။ ပြင်းထန်တဲ့လူနာတွေကိုတော့ ဆေးရုံကြီး အရေးပေါ်ဌာနကိုပဲ ပြန်လွှတ်ရပါတယ်” ဟု အဆိုပါဝန်ထမ်းက ပြောသည်။
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် မသန့်
ရှင်းသောရေနှင့် အစားအစာများ စားသောက်မိရာမှတဆင့် ကူးစက်ခြင်း ဖြစ်ပြီး အဆိုပါ ရောဂါလက္ခဏာများမှာ အရည်ဝမ်းများစွာသွားခြင်း၊ အော့အန်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မျက်တွင်းချိုင့်ဝင်ခြင်း၊ ခံတွင်း/လျှာနှင့် နှုတ်ခမ်းများခြောက်
သွေ့ခြင်း၊ ကြွက်တက်ခြင်း၊ သတိလစ်ခြင်းတို့ ဖြစ်ကြောင်း ဆရာဝန်တစ်ဦးက ဆိုသည်။
ထို့အပြင် ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွားရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် အစာမစားမီနှင့် အညစ်အကြေးများ ကိုင်တွယ်ပြီးချိန်တွင် လက်ကိုဆပ်ပြာဖြင့် စင်ကြယ်စွာ ဆေးကြောသင့်ကြောင်း၊ ရေကိုကျိုချက်သောက်သုံးသင့်ကြောင်း၊ အစာအစားများကိုကျက်အောင်ချက်ပြီးမှ စားသုံးသင့်ကြောင်း ဆရာဝန်က သတိပေးပြောကြားခဲ့သည်။
“ဒီအချိန်မှာ ရိုးရိုးဝမ်းရောဂါပဲ ဖြစ်ဖြစ်၊ ပြင်းထန်ဝမ်းရောဂါပဲဖြစ်ဖြစ်ဝမ်းရောဂါမဖြစ်အောင် ကြို
တင်ကာကွယ်နိုင်တာက အကောင်းဆုံးပါပဲ။ ဖြစ်
လာခဲ့ရင်လည်း ဆေးမှီးတိုနဲ့ မကုသကြပဲ ကျွမ်း
ကျင်တဲ့ ဆရာဝန်တွေကို ပြသကြပါ။ လိုအပ်ရင် ဆေးရုံကို သွားရောက်ကုသကြပါလို့ပဲ အကြံပေးချင်တယ်” ဟု ဆရာဝန်တစ်ဦးက တိုက်တွန်းခဲ့သည်။
လက်ရှိတွင် ရန်ကုန်မြို့ အခြေစိုက် ပရဟိတအဖွဲ့များနှင့် စေတနာရှင် အဖွဲ့အစည်းများကလည်း ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်၍ ပြည်သူများ အထူးသတိပြုဂရုစိုက်ကြရန် ရပ်ကွက်များအတွင်း လိုက်လံနှိုးဆော်နေကြောင်း ဒေသခံပြည်သူအချို့က​ပြောသည်။
(ရန်ကုန်မြို့တွင် ဇူလိုင်လက ဝမ်း​ပျက်ဝမ်း​လျှောရောဂါဖြစ်ပွားခဲ့သည့် သာ​ကေတ မြို့နယ်ရှိ ရပ်ကွက်တစ်ခုကို စစ်​ကောင်စီဝန်ထမ်းများသွား​ရောက် စဥ်။ဓါတ်ပုံ- CJ)