မန္တလေးမြို့အနီး တိုက်ပွဲတွေကြောင့် မြို့ပေါ် စစ်ဘေးရှောင်လာသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်၊ ဖမ်းဆီးငွေညှစ်၊ ပေါ်တာဆွဲ၊
ဒေါ်လာ/MFP၊ ဇူလိုင် – ၂၇
မန္တလေးမြို့အနီး၊ မန္တလေး – မတ္တရာကားလမ်းပေါ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မန္တလေးမြို့ပေါ် စစ်ဘေးရှောင် ထွက်ပြေးလာသူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
မန္တလေးမြို့နဲ့ ၁၀မိုင်ကျော်အကွာ၊ မန္တလေး – မတ္တရာ ကားလမ်းပေါ်ရှိ မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းနဲ့ မြကန်သာရွာတို့ကို ဇူလိုင် ၂၀ရက်မှာ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF နဲ့ မဟာမိတ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်အုပ်စုက လေကြောင်း၊ လက်နက်ကြီး ပစ်ကူကာ ပြန်လည် ထိုးစစ်ဆင်လို့ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
စစ်အုပ်စုက အဲ့ဒီ မန္တလေးနဲ့ မတ္တရာမြို့ကြား ကျေးရွာတွေကို ဖုန်း၊ အင်တာနက်နဲ့ လျှပ်စစ်မီး ဖြတ်တောက် ထားသလို ကျေးရွာတွေကိုပါ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ထုနေလို့ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိပြီး မန္တလေး – မတ္တရာ ကားလမ်းတလျှောက် မတ္တရာနဲ့ ပုသိမ်ကြီးနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် နေရတာလို့ ဒေသခံတွေက ပြောပါတယ်။
“ပြေးတာကတော့ အကုန်ပြေးနေရတယ်။ မန္တလေးကနေ သွားမယ်ဆိုရင် ကြာနီကန်အကျော်က လင်းမြွေချောင်းတို့၊ ဒဟတ္တောတို့ကနေ စပြီးတော့ မြကန်သာ၊ ဝသုန္ဒရ၊ သရက်ကိုင်း၊ လမိုင်း – ကျောက်တံတား၊ ကင်းရွာတို့၊ အဲ့ဒီ မတ္တရာနဲ့ ပုသိမ်ကြီး အစပ်က ရွာတွေ အကုန်ပြေးနေရတာ။ တချို့က မန္တလေးမြို့ပေါ်နဲ့ စစ်အုပ်စု လက်အောက်က ရွာတွေဘက် ရောက်လာတယ်။ တချို့ရွာတွေက တော်လှန်ရေးတပ် စိုးမိုးနယ်မြေဘက် ပြေးတယ်”
မန္တလေးမြို့ပေါ်အထိ ရောက်ရှိလာတဲ့ စစ်ဘေးရှောင် ပြည်သူတွေကို စစ်အုပ်စုက ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးငွေညှစ် ပေါ်တာဆွဲတာတွေ လုပ်နေလို့ စစ်ရှောင်ပြည်သူတချို့ မြို့ပေါ်အထိ မသွားရဲဘဲ နီးစပ်ရာ ကျေးရွာတွေမှာ ခိုလှုံနေကြရတယ်လို့ ဆိုပါတယ်။
“ကြာနီကန်ကစပြီး မန္တလေးနဲ့နီးတဲ့ ရွာတွေမှာ စစ်ရှောင်တွေ ကြီးပဲ၊ ဘုန်းကြီးကျောင်းတွေ၊ လမ်းဘေးတွေ အကုန် ပြည့်နေပြီ။ ငလျင်ဒဏ်ထိထားတဲ့ ကျောင်းအိုကျောင်ပျက်တွေထဲလည်း စုပြုံနေကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုက ပြန်လည် ထိုးစစ်ဆင်ချိန် PDF တွေက အရပ်သားအသွင်ယူကာ မန္တလေးမြို့ပေါ် ဝင်ရောက် လာနိုင်လို့ ဧရာဝတီမြစ်ဆိပ်နဲ့ မြို့ပေါ် ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်တာ၊ ဖမ်းဆီးတာတွေ လုပ်နေတာလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
အာဏာသိမ်း စစ်အုပ်စုဟာ မန္တလေးမြို့ပေါ် လမ်းသွားလမ်းလာတွေကို ဖမ်းဆီးငွေညှစ်တာ၊ ဧည့်စာရင်းအကြောင်းပြ စစ်ဆေးပြီး ပေါ်တာဆွဲတာတွေ လွန်ခဲ့တဲ့ နှစ်ပိုင်းကတည်းက လုပ်ဆောင်နေတာ ဖြစ်ပြီး လက်ရှိ တိုက်ပွဲတွေ မြို့နဲ့ ပိုနီးကပ်လာချိန် မြို့ပေါ်မှာ ပေါ်တာဆွဲ ဖမ်းဆီးစစ်ဆေးတာတွေ ပိုမို လုပ်ဆောင်နေတာလို့ မြို့ခံတွေက ပြောပါတယ်။
မန္တလေးမြို့ပေါ်ရပ်ကွက်တွေနဲ့ ဧရာဝတီမြစ်ဆိပ်မှာ ဧည့်စာရင်းစစ်၊ လမ်းသွားလမ်းလာတွေကို တားဆီးစစ်ဆေး ငွေညှစ်နေတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေ/Photo – စစ်အုပ်စု
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။
#Mandalay_Free_Press_MFP