ဝမ်းတွင်းမှာ နှစ်ရက်အတွင်း စစ်မှုထမ်းဖို့
လူငယ် ၃၀ ကျော် ဖမ်းဆီးခံရ
ဇူလိုင်-၂၇၊၂၀၂၅။ဇေအောင်/People’s Spring
မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ စစ်တပ်က လူငယ်တွေကို စစ်မှုထမ်းဖို့ ရွာတွေထဲအထိ လိုက်လံဖမ်းဆီးနေပြီး လူငယ် ၃၀ ကျော် ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၂၆ ရက်နေ့လယ်ပိုင်းနဲ့ ညနေပိုင်းကမိတ္ထီလာလေတပ်က စစ်ကောင်စီတပ်တွေဟာ ကားတွေနဲ့ပတ်ပြီး ဝမ်းတွင်းမြို့နယ်၊ အနောက်ပိုင်းက ရွာတွေက လူငယ်တွေကို စစ်မှုထမ်းဖို့ လိုက်လံဖမ်းဆီးခဲ့ကြောင်း၊ အဲဒီလို လိုက်လံဖမ်းဆီးမှုကြောင့်ရွှေတွင်းတူးဆည်ရွာက ၉ ဦး၊ စိန်ပန်းပင်ရွာက ၆ ဦး၊ ခံဘဲ့ရွာ ၂ ဦး၊ ကျောင်းကုန်းရွာ ၁ ဦး၊ အိုမတွေ့ ရွာက ၄ ဦး၊ သဖန်းရွာ၂ ဦးနဲ့ ပန်းကြိုင်ရွာ ၃ဦး စစ်မှုထမ်းဖို့ ဖမ်းဆီးခံလိုက်ရကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Wundwin အဖွဲ့က ပြောပါတယ်။
ဒါ့အပြင် မိတ္ထီလာ-ပင်းတလဲ လမ်းတလျှောက်တွေ့သမျှလူငယ်တွေကိုဖမ်းဆီးတင်ဆောင်သွားတယ်လို့ဒေသခံတွေက ပြောပါတယ်။
“ရွာတွေထဲထိပတ်ဆွဲတာ။လမ်းပေါ်သွားလာနေသူတွေကော တွေ့သမျှလူဆွဲချသွားတာ။”လို့ Voice Of Wundwin အဖွဲ့ရဲ့အဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်၊ ညနေ ၅ နာရီခန့်ကလည်း ဝမ်းတွင်းမြို့နယ်၊ မင်းကုန်းရွာက အမျိုးသား ၂ ဦး၊ ဆည်ရွာက အမျိုးသား ၇ ဦးကို စစ်တပ်က ရွာတွေထဲအထိလာရောက်ဖမ်းဆီးသွားကြောင်း အထက်ပါအဖွဲ့က ဆိုပါတယ်။
ဖမ်းဆီးသွားတဲ့ လူငယ်တွေကို မိတ္ထီလာမြို့ပေါ်ကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ စစ်တပ်က ဖမ်းဆီးနေလို့ လူငယ်လူရွယ်တွေဟာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။ “လယ်သွားလုပ်တာတောင်မှ မနက်အ
စောကြီးသွား၊ ညဆိုမှောင်မှ ပြန်လာကြရတာ”လို့ ဝမ်းတွင်းဒေသခံတဦးက ပြောပါတယ်။
အဓမ္မ စစ်မှုထမ်းခံရတဲ့ လူငယ်တွေကလည်း ကာ
ကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်တာတွေရှိနေပြီးဇူလိုင်လပထမလဝက်အတွင်း ကာကွယ်ရေးအဖွဲ့တွေဆီ အလင်းဝင်လာသူ စစ်သားသစ် ၂၆ ဦး
ရှိကြောင်း အလင်းဝင်လိုသူတွေကို ချိတ်ဆက်ကူညီပေးနေတဲ့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ်(၁၆)ကို စ
တင်ဖို့ ကြိုးစားနေပြီး မန္တလေးမြို့ပေါ်မှာတင် လူငယ်တွေ အများအပြား စစ်မှုထမ်းဖို့ မဲနှိုက်နေကြရကာ အဓမ္မဖမ်းဆီးမှုတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့အတင်းအဓမ္မ စစ်သား
စုဆောင်းခံရတဲ့ တပ်သားသစ်တွေ အနေနဲ့အခွင့်
သာတဲ့ အချိန်တိုင်း တော်လှန် ရေးအင်အားစုတွေဆီ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးကူး
ပြောင်းခိုလှုံဖို့ အမျိုးသားညီညွတ်ရေးအစိုးရက(NUG)က တိုက် တွန်းထားပါတယ်။
(စစ်ကောင်စီက စစ်သားသစ်စုဆောင်းရန် နေရာစုံမှာပုံစံမျိုးစုံနဲ့ စုဆောင်းလာတဲ့လူငယ်တွေကို စစ်သင်တန်းသို့ပို့ဆောင်စဥ်။ ဓာတ်ပုံ-စကစ)
