ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ

ထရမ့်ကြားဝင်မှုအပြီး အပစ်ရပ်ဖို့ ထိုင်းနှင့် ကမ္ဘောဒီးယား ကနဦးသဘောတူခဲ့ပေမယ့် နှစ်ဖက် ဆက်လက် တိုက်ခိုက်နေ
ဇူလိုင် ၂၇၊ ၂၀၂၅

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ အပစ်ရပ်ကြဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြားဝင်ခဲ့ပြီးနောက် နှစ်ဖက်နိုင်ငံတွေက အပစ်ရပ်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ပြောဆိုခဲ့ကြပေမယ့် ဇူလိုင်လ ၂၇ရက်၊ ပဋိပက္ခ ၄ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။
စနေနေ့နှောင်းပိုင်းမှာ ထရမ့်နဲ့ ဝန်ကြီးချုပ်နှစ်ယောက်တို့ တွေ့ဆုံခဲ့ကြပြီးနောက် အပစ်အခတ်ရပ်စဲရေး အမြန်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြကြောင်း၊ တိုက်ပွဲတွေအဆုံးသတ်ရေး ဆွေးနွေးမှုတွေ စတင်ဖို့ ဆန္ဒရှိကြောင်း ဝန်ကြီးချုပ်နှစ်ယောက်က ပြောဆိုခဲ့ကြတာပါ။
ဒါပေမယ့် ကမ္ဘောဒီးယား မြောက်ပိုင်းနဲ့ ထိုင်း အရှေ့မြောက်ဘက် နယ်စပ်ဒေသအကြား နယ်မြေအငြင်းပွားမှုရှိနေတဲ့ ဘုရားကျောင်း ၂ ခုအနီးမှာတော့ တနင်္ဂနွေနေ့ မနက်ပိုင်းအထိ အမြောက်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က သူ့နိုင်ငံအနေနဲ့ “တပ်မတော်နှစ်ရပ်ကြား ခြွင်းချက်မရှိ ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ အဆိုပြုချက်ကို သဘောတူတယ်” လို့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn အနေနဲ့ ထိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio နဲ့ ဆွေးနွေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် ထိုင်းအနေနဲ့ ဘယ်သဘောတူညီချက်ကိုမှ ဖောက်ဖျက်ခြင်းမပြုဖို့ သူက ပြောပါတယ်။
ထရမ့်ရဲ့ ဖုန်းခေါ်ဆိုမှုအပြီးမှာ ထိုင်းရဲ့ ယာယီဝန်ကြီးချုပ် Phumtham Wechayachai က အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့နဲ့ ဆွေးနွေးပွဲတွေ အမြန်စတင်ဖို့ မူအရ သဘောတူကြောင်း ပြောပါတယ်။
နှစ်ဖက်စလုံးကတော့ ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲတွေ လုပ်လိုကြောင်း ပြောနေကြပေမယ့် လက်ရှိအချိန်အထိ တဖက်နဲ့တဖက် အလျှော့ပေးဖို့ ဆန္ဒမရှိသေးသလို ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို ပျက်ပြားစေကြောင်း အချင်းချင်းအပြစ်တင်လျက်ရှိနေပါတယ်။
ပဋိပက္ခကြောင့် နှစ်ဖက်လူ ၃၃ ယောက်ထက်မနည်း သေဆုံးခဲ့ရပြီး ထိုင်းနယ်စပ်မှာ လူပေါင်း ၁၃၈,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသလို ကမ္ဘောဒီးယားနယ်စပ်မှာလည်း လူပေါင်း ၈၀,၀၀၀ ခန့် ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က နယူးယောက်မြို့မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကုလသံအမတ်က သူ့နိုင်ငံအနေနဲ့ “ချက်ချင်းအပစ်ရပ်ဖို့” နဲ့ အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုကြောင်း ပြောဆိုပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း နှစ်ဖက်စလုံးကို “ချက်ချင်းအပစ်ရပ်ကြဖို့” နဲ့ ရေရှည်တည်တံ့တဲ့ အဖြေကို ရှာဖွေရေး ဆွေးနွေးပွဲတွေလုပ်ကြဖို့ စနေနေ့မှာ တိုက်တွန်းထားပါတယ်။
News – Malaymail