သပိတ်ကျင်းမြို့ကို ပြန်သိမ်းယူနိုင်ပြီလို့ စစ်အုပ်စု အောင်ပွဲခံ သတင်းဖြန့်၊
တော်လှန်ရေးတပ်တွေ သုံးရက်သာ တိုက်ခိုက်ခဲ့ရတဲ့ သပိတ်ကျင်းကို တစ်နှစ်အကြာမှာ လက်လွှတ်ရတာ ဖြစ်၊
တေဇ/MFP၊ ဇူလိုင် – ၂၃
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ဧရာဝတီမြစ်ကမ်းမှာ တည်ရှိတဲ့ သပိတ်ကျင်းမြို့ကို အလုံးစုံ ပြန်လည် သိမ်းပိုက် ထိန်းချုပ်လိုက်ပြီလို့ အာဏာသိမ်း စစ်အုပ်စုက အောင်ပွဲခံ သတင်းဖြန့်ပါတယ်။
ဇူလိုင် ၂၂ရက် ညပိုင်းကတည်းက သပိတ်ကျင်းမြို့ရှိ စစ်ရေးအရ အချက်အချာနေရာတွေ ဖြစ်တဲ့ မြိုဦးတောင်ဘုရားကုန်း၊ ဆေးရုံနဲ့ မြို့တော်ခန်းမ စတဲ့ နေရာတွေကို ပြန်လည် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဇူလိုင် ၂၃ရက် ဒီကနေ့ မွန်းလွဲပိုင်းမှာ မြို့လုံးကျွတ် သိမ်းပိုက်နိုင်ပြီလို့ စစ်လော်ဘီတွေက ဆိုပါတယ်။
စစ်အုပ်စုဟာ သပိတ်ကျင်းမြို့ကို ပြန်ရဖို့ ဇွန်လက စတင်ကာ သပိတ်ကျင်းနယ် ၇မိုင်ရွာဘက်ကနေ စစ်ကြောင်းထိုးနေတာ ဖြစ်ပြီး ဇူလိုင် ၂၂ရက် မနေ့က ည ၇နာရီဝန်းကျင်မှာ တော်လှန်ရေးတပ်တွေ အနေနဲ့ မြို့ကို လက်လွှတ် လိုက်ရတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
“မနေ့ညထဲက ပေးလိုက်ရပြီလေ သပိတ်ကျင်းက” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီမြစ်ကမ်းမှာ ရှိတဲ့ သပိတ်ကျင်းမြို့ကို စစ်အုပ်စုက မြစ်ကြောင်းကလာတဲ့ စစ်သင်္ဘောတွေကနေ ထိုးစစ်ဆင်တာ မဟုတ်ဘဲ ၇မိုင်နဲ့ ၄မိုင်ရွာတွေဘက်ကနေ မြေပြင် ကုန်းကြောင်းက ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
သပိတ်ကျင်းမြို့ဟာ မန္တလေးတိုင်းအတွင်း တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ မြို့သုံးမြို့ထဲက တစ်မြို့ဖြစ်ပြီး တစ်နှစ်အကြာမှာ ပြန်လည် လက်လွှတ်ရတာ ဖြစ်ပါတယ်။
ပြင်ဦးလွင်ခရိုင်ထဲက သပိတ်ကျင်း၊ မိုးကုတ်နဲ့ စဉ့်ကူးမြို့တွေကို ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနဲ့အတူ ဟန်ချက်ညီ ဆင်နွှဲတဲ့ ရှမ်း-မန်း စစ်ဆင်ရေးတွေအတွင်း ၂၀၂၄ နှစ်လယ်ပိုင်းမှာ တော်လှန်ရေး တပ်တွေက သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ဖို့ ၂၀၂၄ ဩဂုတ်လ ၁၇ ရက်မှာ အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော် – PDF ပြင်ဦးလွင်ခရိုင် ကွပ်ကဲရေးရုံးရဲ့ ကွပ်ကဲမှုနဲ့ ပြင်ဦးလွင်ခရိုင် တပ်ရင်း (၁၊ ၂)၊ အမှတ် (၅၀၉၊ ၅၁၀၊ ၅၁၂) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၅၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ အမှတ် (၁) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံး ဒရုန်းတပ်ဖွဲ့၊ ကန့်ဘလူခရိုင် W-89 တပ်ဖွဲ့၊ ကန့်ဘလူခရိုင် ပကဖ AA Gun တပ်ဖွဲ့၊ သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းတပ်ဖွဲ့တို့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၂၅ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ထိုးစစ်ဆင်ပြီး သုံးရက်အကြာ ဩဂုတ်လ ၁၉ရက်မှာ ကတည်းက စစ်အုပ်စုတွေ မြို့ဦးတောင်ဘက်ကို ထွက်ပြေးလို့ မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြို့ဦးတောင်ကိုတော့ ဩဂုတ်လ ၂၅ရက်မှာ သိမ်းနိုင်တာလို့ ဆိုပါတယ်။ သပိတ်ကျင်းမြို့သိမ်း တိုက်ပွဲအတွင်း စစ်အုပ်စုရဲ့ ဒု-ဗိုလ်မှူးကြီးအဆင့် စိုးမင်းသူ ကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့သလို လက်နက်မျိုးစုံ ၆ဝ ကျော်နဲ့ ခဲယမ်းအများအပြား သိမ်းဆည်း ရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်လေးဦး ကျဆုံးတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန် ထားပါတယ်။
တော်လှန်ရေး တပ်တွေအနေနဲ့ သပိတ်ကျင်းမြို့ကို သိမ်းပိုက်နိုင်ပေမယ့် သပိတ်ကျင်း တနယ်လုံးမှာ စစ်အုပ်စု အမြစ်ပြတ်သည်အထိ သိမ်းပိုက်နိုင်တာ မရှိခဲ့ဘဲ သပိတ်ကျင်းနယ် ၇မိုင်နဲ့ တွင်းငယ်ရွာ တဝိုက်ရှိ စစ်စခန်းတွေကို သိမ်းယူဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အဲ့ဒီ သပိတ်ကျင်းနယ် လက်ကျန် စစ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ တော်လှန်ရေးတပ်တွေက ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်နေလို့ ပြီးခဲ့တဲ့ တနှစ်ပါတ်လုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ သပိတ်ကျင်းမြို့ အပါအဝင် စဉ့်ကူးနဲ့ မိုးကုတ်နယ် စစ်စခန်းတွေ ကနေ စစ်ရှုံးပြီး ထွက်ပြေးတဲ့ စစ်အုပ်စုနဲ့ ပျူစောထီးတွေဟာ အဲ့ဒီ သပိတ်ကျင်းနယ်က လက်ကျန် စစ်စခန်းတွေထဲ ခိုအောင်းကာ လေကြောင်း အားကိုးနဲ့ ခုခံနေပြီး လက်ရှိမှာ လေကြောင်းကနေ အင်အားဖြည့်ကာ သပိတ်ကျင်းမြို့ကို ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက် သိမ်းယူ သွားတာလို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုဟာ ယခု ဇူလိုင်လဆန်းမှာ သပိတ်ကျင်းမြို့နဲ့ ၇မိုင်ရွာကြားရှိ ၆မိုင်၊ ၅မိုင်နဲ့ ၄မိုင်ရွာတွေကို သိမ်းယူခဲ့ပြီးနောက် သပိတ်ကျင်းမြို့ ရှိရာကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းယူတာလို့ ဆိုပါတယ်။
စစ်အုပ်စုက ထိုးစစ်ဆင်လာသလို လေကြောင်းဗုံးကြဲ၊ လက်နက်ကြီးထု၊ ဒရုန်းနဲ့ဗုံးကြဲတာကြောင့် ၆မိုင်၊ ၅မိုင်နဲ့ ၄မိုင်ရွာတွေ အပါအဝင် သပိတ်ကျင်းမြို့ပေါ်နဲ့ သပိတ်ကျင်းနယ် ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့ကို ပြန်လည် သိမ်းယူပြီး အောင်ပွဲခံနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု