ဗန်းမော်တမြို့လုံးတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း KIA ပြော
001
မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တမြို့လုံးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းအဖွဲ့ များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ယနေ့ (ဇူလိုင် ၂၃)ပြောသည်။
ဗန်းမော်မြို့ကို KIA သိမ်းပိုက်လိုက်ပြီဟု လူမှုကွန်ရက်တွင် သတင်းအချို့ထွက်ပေါ်လာသည့်အပေါ် မှား ယွင်းကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လက်ရှိတွင် ဗန်းမော်ရှိ စစ်ကောင်စီ၏ အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) အပြင် ကျန် တမြို့လုံးတွင်လည်း တိုက်ပွဲများဖြစ်နေကြောင်း ဆိုသည်။
“ဗန်းမော်ဆိုရင်တော့ ခုနက ကျွန်တော်ပြောသလိုပေါ့။ သူတို့ရဲ့ စစ်တပ်တော့အများကြီးရှိပါတယ်။ ၄၇ တို့ ၉၃၃ တို့ ပေါ့နော်။ ထောက်ပို့တို့ အများကြီးကျန်ပါတယ်။ တက္ကသိုလ်ကျောင်းမှာရှိတဲ့သူတို့ရဲ့ တပ်မ(၈၈) စခန်းချထားတဲ့နေရာတွေ အများကြီးရှိပါတယ်။ ဆိုတော့ အားလုံးမှာ တိုက်ပွဲတွေဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗန်းမော်မြို့အတွင်း မြို့မရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်က အရပ်သားနေအိမ်များပေါ်တွင် နေရာ ယူပြီး တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးများ၊ ဒရုန်းများ၊ လေကြောင်းပစ်ကူများအသုံး ပြု ပြီး တိုက်ခိုက်နေသကဲ့သို့ KIA နှင့် ပူးပေါင်းအဖွဲ့များဘက်ကလည်း လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
ဗန်းမော်မြို့အား KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာလတွင် စတင် ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၈ ရက်နေ့က နိုင်ငံအတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲခဲ့ကာ ဧပြီလ ၂၅ ရက်နေ့မှစပြီး တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားလျက်ရှိသည်။
ဗန်းမော်တိုက်ပွဲကာလအတွင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့က ဗန်းမော်အခြေစိုက် စစ်ကောင်စီ၏ခြေလျင် တပ်ရင်း (ခလရ ၂၃၆)၊ အမြောက်တပ် (၃၆၆)၊ သံချပ်ကာတပ် (၅၀၁၄)၊ တင့်ကားတပ် (၇၀၀၆)၊ ဗန်းမော် လေဆိပ်တို့ကို သိမ်းပိုက်ရရှိထားသည်။
စာတည်း။ ။စောဖေ
ဓာတ်ပုံ – တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့အား ဗန်းမော်တိုက်ပွဲကာလအတွင်းတွေ့ရစဥ်။ ဗန်းမော်တမြို့လုံး တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဇူလိုင် ၂၃ ရက်နေ့တွင် ပြောသည်။ (Photo-CJ)
#MizzimaBurmeseNews
