လမ်းပိုင်းစိုးမိုးမှု၊ အတွင်းပိုင်းနယ်မြေထိုးဖောက်မှု နဲ့ မဟာဗျူဟာ မှန်ကန်လာခြင်း
………………………………………………
လက်ရှိအခြေအနေမှာ နောင်ချိုမြို့ပြန်လည် ပေးအပ်ရမှု၊ မိုးဗြဲကို အကြမ်းဖက်စစ်တပ် သိမ်းပိုက်မှု ဗန်းမော်မြို့ဝန်းရံတိုက်ပွဲ ကာလရှည်လာမှု၊ သပိတ်ကျင်းနားက စစ်ရေးအခြေအနေတွေကြောင့် လူထုကြားမှာ ကသိကအောက်ဖြစ်ရမှု တချို့ ရှိလာပါတယ်။ စစ်တပ်ဘက်ကလဲ ဝါဒဖြန့်ချိမှုတွေ အကြီးအကျယ်လုပ်ဆောင်လာမှုကြောင့်လည်း ပါနိုင်ပါတယ်။ အခိုင်အမာနေရာတွေ၊ မြို့တွေ၊ ခုခံကာကွယ်ရေးခက်မယ့် ကွင်းပြင်နယ်မြေတွေကို ရန်သူ့ဘက်က နိုင်ငံရေးပြိုလဲမှု၊ စစ်ရေးပြိုလဲမှု၊ လက်နက်တပ်ဆင်မှု ပြိုလဲမှုတွေ သိသိသာသာ ဖြစ်မလာသေးခင်မှာ သွားတိုက်ရင် ဖြစ်ပေါ်လာမယ့် စစ်ရေးရလဒ်တွေ ဖြစ်တာကြောင့် ဒီအခြေအနေတွေဟာ ကြိုတင်တွက်ဆလို့ရထားပြီး အခြေအနေတွေဖြစ်ပါတယ်။ လက်ရှိနွေဦးတော်လှန်ရေးတခုလုံးကို အခြေအမြစ်က စတင်ပြီး ပြောင်းလဲပေးနိုင်မယ့် စစ်မျက်နှာမှာ ဖြစ်နေတဲ့ စစ်ရေးအခြေအနေက အထက်ကဖော်ပြထားသလို မဟုတ်ပါဘူး။ အဓိကစစ်မျက်နှာဖြစ်တဲ့ အလယ်ပိုင်းမြေပြန့်ဒေသ စစ်မျက်နှာ အခြေအနေဟာ သိသိသာသာပြောင်းလဲလာတာကို အသေးစိတ်ကြည့်ရှုနေသူတွေအနေနဲ့ မြင်ရမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့တွေ တိုက်ပွဲဝင်နေတဲ့ မြေပြန့်ဒေသဟာ စစ်မဟာဗျူဟာ ရွေးခြယ်မှု အရ ပိုမိုမှန်ကန်လာတယ်။ ကိုယ့်တပ်ဖွဲ့ လေ့ကျင့်နိုင်မှု၊ လက်နက်တပ်ဆင်နိုင်မှု၊ မြေပြင်နိုင်ငံရေးအခြေအနေတွေနဲ့ ပိုမိုကိုက်ညီလာတာကို တွေ့ရပါတယ်။ မြေပြန့်ဒေသမှာ အခိုင်အမာစခန်း သိမ်းမှုထက် လမ်းပိုင်းစိုးမိုးမှုတွေ၊ ဥပမာအားဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းလို လမ်းမကြီးတွေပေါ်ထိ စိုးမိုးမှုတွေ၊ မြင်းခြံလို အတွင်းပိုင်းနယ်မြေမှာ ထပ်မံတိုက်ခိုက်နိုင်မှုတွေ၊ စစ်ကိုင်းမြို့အနီးမှာပါ ရန်သူအထိနာအောင်တိုက်နိုင်တာ၊ ရွှေဘိုနယ်မြေမှာ ရန်သူ့ စခန်းသိမ်းတိုက်ပွဲတွေ သိမ်းနိုင်လာတာတွေ တွေ့နေရပါတယ်။ အညာဒေသမှာ စစ်ရေးလိုအပ်ချက်အရ စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲဖို့လိုနေပေမယ့် မြေပြန့် ဒေသတခုလုံး မှာ အဲလိုအခြေအနေမရှိသေးပါဘူး။ ဆိုလိုတာက ကျန်နယ်မြေတွေမှာ လမ်းပိုင်းစိုးမိုးမှုတွေ၊ ပြောက်ကျားလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန် လုပ်ဆောင်ဖို့လိုအပ်နေသေးပါတယ်။ ဒါဟာ တော်လှန်ရေးဘက်က အခြေအနေကိုသာ ပြောတာဖြစ်ပြီး ရန်သူ့ဘက်ကအခြေအနေ ပြောင်းလဲမှု အခြေအနေကို မပြောသေးပါဘူး။
သိသာထင်ရှားတာကတော့ အဓိကစစ်မျက်နှာဖြစ်တဲ့ မြေပြန့် နယ်မြေမှာ တော်လှန်ရေးအဖွဲ့တွေရဲ့လှုပ်ရှားနိုင်စွမ်း သိသိသာသာ တက်လာတာတွေ့နေရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံ-ပုဂံ ညောင်ဦး လမ်းပိုင်းမှာ အကြမ်းဖက်တပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကား(၂) စီးနဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၃) တပ်ရင်းက ဇူလိုင်လအတွင်း တိုက်ခိုက်ရာ ရန်သူ(၁၁) ဦး သေဆုံးခဲ့ပါတယ်။ မဟာဗျူဟာလမ်းမကြီးဖြစ်တဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ရဲကား တစီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း နဲ့ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်းတို့က တိုက်ခိုက်ရာ ရဲ (၂) ဦး သေဆုံးပြီး သေနတ် (၂) လက် ရရှိခဲ့ပါတယ်။ ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်း တာဆုံ စစ်ဆေးရေးဂိတ် တိုက်ပွဲမှာလည်း မင်းလှမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးရန်နိုင်အောင် နဲ့ ရန်သူစစ်အရာရှိ (၃) ဦး သေဆုံးခဲ့ပါတယ်။
နွားထိုးကြီးမြို့နယ်၊ ဝက်လူးရဲစခန်းကို စစ်ကူလာတဲ့ ရန်သူ့စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်း၊ မြင်းခြံခရိုင် အမှတ် (၁၀) တပ်ရင်း၊ တံတားဦး ပကဖ တို့က တိုက်ခိုက်ရာမှာ ရန်သူ (၁၃) ဦး သေဆုံးပြီး ဒုတပ်ကြပ် (၁) ဦးကို ဖမ်းမိခဲ့ပါတယ်။ လူဦးရေ သန်းချီနေနိုင်တဲ့ မန္တလေးမြို့နဲ့ (၁၀) မိုင် အကွာ ပုသိမ်ကြီး နဲ့ မတ္တရာမြို့နယ်ထဲက စစ်တပ်နောက်တန်း အထိုင်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း၊ ရွှေဘို မြို့နယ်ထဲက စစ်စခန်းကြီး(၄) ခုဖြစ်တဲ့ ဟင်္သာကြီးကျေးရွာပျူစခန်း၊ ဘိုးနတ်တောင်စခန်း၊ တောင်လှဗျူဟာစခန်း နဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရွှေဘိုခရိုင် တပ်ရင်း (၁၅၊ ၁၈၊ ၂၃၊ ၂၆၊ ၁၇၀၁၊ ၉၇၀၆) နဲ့ တိုက်နယ် (၄) ရွှေဘိုကျားကြီး(ပကဖ)တို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုအတွင်း ရန်သူ့ တပ်မှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကို အရှမ်ဖမ်းမိခဲ့သလို စစ်သား (၉) ဦးကို ချေမှုန်းနိုင်ခဲ့ပါတယ်။
အထက်ပါ ဖြစ်စဉ်တချို့ကိုကြည့်ရင် ရန်ကုန်-မန္တလေး အမြန်လမ်း၊ ရန်ကုန်-ပြည် လမ်း လို အရေးကြီးနေရာတွေ၊ မန္တလေးမြို့နဲ့ မိုင်အနည်းငယ်ဝေးမှာရှိတဲ့ ရန်သူ့စခန်းတွေ၊ ရွှေဘိုနယ်မြေမှာပါ ရန်သူ့ ဒုတပ်ရင်းမှူးကို လက်ရဖမ်းစီးနိုင်မှုတွေ စတဲ့ စစ်ရေးအောင်မြင်မှုတွေကို အဓိက မြေပြန့်စစ်မျက်နှာမှာ ရရှိနေတာတွေ့ရပါတယ်။ စစ်မဟာဗျူဟာအရလည်း အခိုင်အမာနေရာတွေ တိုက်ရေးထက် လမ်းပိုင်းစိုးမိုးမှု၊ ရန်သူ့ စစ်ကြောင်း ချေမှုန်းမှု၊ ရန်သူ့ နောက်တန်းစခန်းတွေကို အငိုက်ဖမ်းတိုက်ခိုက်မှု စတဲ့ ကိုယ့်စစ်ရေး၊ နိုင်ငံရေး အခြေအနေ၊ ရန်သူ့ဘက် အခြေအနေနဲ့ လိုက်လျောညီထွေရှိတဲ့ ပုံစံ ရှိလာတာကို တွေ့ရပါတယ်။ ။
#PDFInsight