■ မန္တလေး – မတ္တရာမှ စစ်ကောင်စီ စခန်းများကို ထပ်မံ သိမ်းပိုက်ရရှိ၊ ဗိုလ်ကြီးအဆင့် အပါ သုံ့ပန်း ၁၆ ဦး ဖမ်းဆီး ရမိ

■ မန္တလေး – မတ္တရာမှ စစ်ကောင်စီ စခန်းများကို ထပ်မံ သိမ်းပိုက်ရရှိ၊ ဗိုလ်ကြီးအဆင့် အပါ သုံ့ပန်း ၁၆ ဦး ဖမ်းဆီး ရမိ
Western News| ဇူလိုင် ၂၁

မန္တလေး – မတ္တရာ ကားလမ်းပေါ်က စစ်စခန်း သုံးခုကို ဇူလိုင် ၂၀ ရက်မှာ ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်ကြီးအဆင့် အပါအဝင် စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိကြောင်း သတင်းထုတ်ပြန်သည်။
မတ္တရာမြို့နယ်ရှိ ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနှင့် မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ စခန်းများကို MDY PDF နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။
၂၀ ရက်က မန္တလေးနှင့် ၁၀မိုင်ကျော်အကွာအဝေး မန္တလေး – မတ္တရာ ကားလမ်းရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို တော်လှန်ရေးတပ်ဖွဲ့များ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေး PDF က ယနေ့တွင် ထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ထို့အပြင် ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးအပါအဝင် သုံ့ပန်း ၁၆ ဦး ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်သား အလောင်း ၁၅ လောင်း သိမ်းဆည်းရမိခဲ့ကာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာများရရှိသူ များပြားခဲ့သည်။
အဆိုပါ စစ်ဆင်ရေးအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ မတ္တရာမြို့နယ် ပကဖနှင့် SSTF တပ်ဖွဲ့တို့မှ ပူးတွဲဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ- သိမ်းဆည်း ရရှိခဲ့သော စစ်ကောင်စီ၏ လက်နက်ခဲယမ်းများအားတွေ့ရစဉ်၊ ဓါတ်ပုံ – MDY PDF
#Western #News #WN #မန္တလေး #မတ္တရာ #စစ်ကောင်စီ #စခန်းများ #ထပ်မံ #သိမ်းပိုက်ရရှိ၊ #ဗိုလ်ကြီးအဆင့် #အပါ #သုံ့ပန်း #၁၆ဦး #ဖမ်းဆီး #ရမိ