ပုသိမ်ကြီးတိုက်ပွဲတွင် တရုတ်လုပ် လက်နက်များ MDY-PDF သိမ်းဆည်းရမိ

စခန်းသိမ်းတိုက်ပွဲများအတွင်း သိမ်းဆည်းရမိသည့် လက်နက်များ၏ မှတ်တမ်းဓာတ်ပုံကို မန္တလေး PDF က ထုတ်ပြန်ရာ တရုတ်နိုင်ငံထုတ် လက်နက်ကြီး ကျည်ဆံသေတ္တာ အများအပြား ပါဝင်နေသည်ကို တွေ့ရသည်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် ကျေးရွာနှစ်ရွာရှိ စစ်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး(MDY-PDF) တိုက်ခိုက်ခဲ့ပြီး သိမ်းဆည်းလက်နက် မှတ်တမ်းဓာတ်ပုံများကို ယနေ့ (ဇူလိုင် ၂၁) တွင် ထုတ်ပြန်ရာ တရုတ်နိုင်ငံထုတ် လက်နက်ပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရသည်။

China North Industries Corporation (NORINCO) စာတန်း ထင်ထင်ရှားရှား ဖော်ပြထားသော သေတ္တာ ၁၄ လုံး ပါဝင်ပြီး လက်နက်ကြီးကျည်များဖြစ်ကြောင်း ဖော်ပြထားသည်။

NORINCO သည် လက်နက်၊ ကျည်၊ စစ်သုံးပစ္စည်းများ ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် အကြီးစားစက်ရုံဖြစ်သည်။

ထိုလက်နက်များနှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် သီးခြား ဖော်ပြထားခြင်း မရှိပေ။

လက်နက် အမျိုးအစား ၃ ခု ခွဲခြားထားသော ထိုသေတ္တာများအပြင် ဒရုန်းများ၊ မောင်းပြန်ရိုင်ဖယ်များလည်း ပါဝင်သည်။

စစ်သုံ့ပန်း ၁၆ ဦး ရရှိခဲ့ရာ ထိုအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ပါဝင်သည်၊ ရုပ်အလောင်း ၁၅ ခု သိမ်းဆည်းရမိသည် ဟု ထုတ်ပြန်ချက်က ဆိုသည်။

အသေးစိတ် ပိုမို သိရှိ ဖော်ပြနိုင်ရန် MDY-PDF၏ သတင်းတာဝန်ခံ ကိုအော်စမွန်ကို Myanmar Now က ဆက်သွယ် မေးမြန်းနေဆဲဖြစ်သည်။

ဒေသခံများနှင့် စစ်ရေးရင်းမြစ်များက ယမန်နေ့ (ဇူလိုင် ၂၀)တွင် စခန်းများ သိမ်းပိုက်ပြီးနောက် ပုသိမ်ကြီးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည်ဟု ပြောသည်။

မန္တလေးမြို့၏မြောက်ဘက် ၁၈မိုင်ခန့်အကွာက မြကန်သာကျေးရွာနှင့် သရက်ကိုင်းကျေးရွာတို့ရှိ စခန်းများ ဖြစ်ပြီး ယနေ့ (ဇူလိုင် ၂၁) နံနက်တွင် လေတပ်က ထိုရွာများ ဝန်းကျင်ကို ဗုံးအလုံးရေ ၃၀ ကျော် ကြဲချခဲ့သည်ဟု ဒေသခံ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Nowကိုပြောသည်။

၂၀၂၅ ဇူလိုင်လ ပုသိမ်ကြီးမြို့နယ် တိုက်ပွဲများတွင် ရရှိခဲ့သည့် China North Industries Corporation (NORINCO) စာတန်းပါ လက်နက်ကြီးကျည် သေတ္တာများ။ (ဓာတ်ပုံ – MDY-PDF)

“မြကန်သာ (ရှိစစ်တပ်စခန်း)ကို မနေ့ကရသွားတယ်။ MDY-PDFက စပြီး ထိုးစစ်ဆင်တာပါ။ အခုစစ်ကောင်စီဘက်က ပြန်(ရဖို့) ကြိုးစားနေတယ်။ အခြေအနေက ပြောလို့မရ သေးဘူးဗျ။ တိုက်ပွဲပြင်းထန်နေတုန်း”ဟု သူက ပြောသည်။

တိုက်ပွဲများ အခြေအနေအသေးစိတ်၊ ဗုံးကြဲချတိုက်ခိုက်ခြင်းကြောင့် သေဆုံး၊ ထိခိုက်ဒဏ်ရာရ အခြေအနေများများကို မသိရသေးပါ။

စစ်ကောင်စီက ထိုတိုက်ပွဲအကြောင်း သတင်းမထုတ်ပြန်သေးသော်လည်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာများတွင် ပုသိမ်ကြီးမြို့နယ် မြကန်သာရွာရှိတပ်စခန်းမှ ဆုတ်ခွာခဲ့ရကြောင်း ဝန်ခံထားပြီး ပြန်လည်၍ထိုးစစ်ဆင်တိုက်ခိုက်ရာ ယနေ့တွင် ထိုစခန်းကို ပြန်သိမ်းနိုင်ပြီဟု ရေးသားနေကြသည်။

တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ကြောင်း သိရသည်ဟု ပုသိမ်ကြီးမြို့နယ်နေ စစ်ရှောင်ဒေသခံ အမျိုးသားက ပြောသည်။

“အင်တာနက်လိုင်းတွေလည်း ဖြတ်ထားတယ်။ မိသားစုတွေတောင် ဆက်သွယ်ဖို့ တော်တော် ခက်ခဲနေတယ်။ ပြန်သိမ်းတယ်လို့တော့ မကြားသေးဘူး။ တိုက်ပွဲပြင်းထန်နေဆဲ အခြေအနေပဲ သိရသေးတယ်ဗျ”ဟု သူက ပြောသည်။

မန္တလေးမြို့နှင့်နီးကပ်နေသည့် မတ္တရာမြို့နယ် အရှေ့တောင်ဘက်ကျေးရွာများတွင် ပြီးခဲ့သည့် ဇွန်လဆန်းမှစ၍ ပြင်းထန်သည့်တိုက်ပွဲများ ပြန်ဖြစ်နေသည်ဟု မတ္တရာမြို့နယ်နေ စစ်ရေးရင်းမြစ်တစ်ဦးက Myanmar Nowကို ဇွန် ၉ ရက်နေ့က ပြောထားသည်။

“မတ္တရာမြို့ပေါ်နဲ့ နီးတဲ့နေရာတွေ၊ မန္တလေးဘက်ကို ကပ်မယ့်ရွာတွေဘက်တွေမှာ ဖြစ်နေတာ၊ အခြေအနေက မငြိမ်သေးဘူးခင်ဗျ” ဟု ၎င်းကဆိုသည်။

ဇွန်လ ၁၇ ရက်နေ့ကလည်း မန္တလေးမြို့၏မြောက်ဘက် ၁၈မိုင်အကွာ၊ မတ္တရာမြို့၏ အရှေ့တောင်ဘက် ၆မိုင်ခွဲအကွာက ထန်းပင်ကုန်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကင်းရွာတို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

မတ္တရာမြို့နယ်တွင် စစ်တပ်က မြို့အနောက်ပိုင်းနှင့် မြို့ပေါ်ရပ်ကွက်များကို စိုးမိုးထားပြီး တော်လှန်ရေးတပ်များက မတ္တရာ မြို့နယ်အရှေ့ပိုင်းနှင့် ကျန်မြို့နယ်ထက်ဝက်ကျော်ကို စိုးမိုးထားဆဲဖြစ်သည်။

မတ္တရာဒေသသည် မန္တလေးမြို့သို့ တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အချက်အချာကျသည့် ဒေသဖြစ်သည်။ စစ်ကောင်စီတပ်သည်လည်း တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် စဉ့်ကူး၊ သပိတ်ကျင်း၊ တကောင်းနယ်များကို ပြန်ထိုးစစ်ဆင်ရန် မတ္တရာဖက်မှ စတင်ထိုးဖောက်ရမည်ဖြစ်သည်။

ထို့ပြင် မတ္တရာမြို့နယ်သည် မန္တလေးနှင့် နီးကပ်စွာတည်ရှိသည့် မြို့ဖြစ်ရာ မတ္တရာနယ်မှတစ်ဆင့် မန္တလေးသို့ တော်လှန်ရေးတပ်များ ထိုးဖောက်လာမည်ကို စစ်ကောင်စီတပ်က စိုးရိမ်နေဖွယ်ရှိသည်ဟုလည်း အထက်ပါ မတ္တရာမြို့နယ်နေ စစ်ရေးရင်းမြစ်က ပြောသည်။

နိုင်ငံအလယ်ပိုင်း စီးပွားရေးအချက်အခြာကျသည့် မန္တလေးမြို့နှင့်မိုင်၂၀အကွာ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး(MDY-PDF)တို့ ပြီးခဲ့သည့်၂၀၂၃ခုနှစ် ဇွန်၂၅မှစကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။

မတ္တရာမြို့နယ်မှ စခန်း၃၂ခု၊ ပုသိမ်ကြီးမြို့နယ်မှ Alpha ဘိလပ်မြေစက်ရုံရှိ ကင်းစခန်း၊ စစ်ကောင်စီခန့် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမောင်ကိုပိုင်ဆိုင်သည့် ရွှေတွင်းတို့ အပါအဝင် စစ်စခန်း ၃ခုကို သိမ်းပိုက်ရရှိထားသည်။

တိုက်ပွဲများအတွင်း အရပ်သားသေဆုံးမှု များပြားခဲ့ပြီး လူနေအိမ်ထောင်နှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ လူဦးရေတစ်သောင်းနီးပါးလည်း အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရသည်ဟု မတ္တရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ စာရင်းများအရသိရသည်။