ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် စစ်ကားကို တိုက်ခိုက်ပြီး ကားကို မီးရှို့ဖျက်ဆီး၊
စစ်အုပ်စု နှစ်ယောက် သေဆုံးကာ သေနတ် နှစ်လက် သိမ်းဆည်းရရှိ၊
MN/MFP ၊ ဇူလိုင် – ၂၀
မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် (၃၁၈)မှာ ဒီကနေ့ မနက်ပိုင်း စစ်အုပ်စု ကားတစ်စီးကို တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ စစ်အုပ်စု ရဲနှစ်ယောက် သေဆုံးပြီး သေနတ် နှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်း ရရှိသလို ကားကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ်(၄-၁၀) တပ်ရင်း – NPDF က သတင်းထုတ်ပြန်ပါတယ်။
ဇူလိုင် ၂၀ ရက် မနက် ၇ နာရီခွဲဝန်းကျင်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းအတိုင်း မောင်းနှင်လာတဲ့ စစ်ကားတစ်စီးကို NPDF ရဲဘော်တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် (၃၁၈)သို မောင်းနှင့်လာသည့် စစ်ကောင်စီကား တစ်စီးအား ကျွန်ုပ်တို မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းတိုမှ ပြောက်ကျား ပစ်ခတ် တိုက်ခိုက် ခဲ့ပါသည်။ ထိုသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါလာသော ရဲတပ်သား နှစ်ဦး သေဆုံးခဲ့ပါသည်။ ၎င်းတိုက်ခိုက်မှုမှ BA-94 နှစ်လက်၊ ကျည်ဘောက် ငါးဘောက်၊ 9mm ကျည် ၁၂၃ တောင့်၊ 7.62ကျည် ၁၂၇ တောင့်တိုအား သိမ်းဆည်းရမိခဲ့ပြီး ရဲကား တစ်စီးအား မီးရှိ့ ဖျက်ဆီးနိုင်ခဲ့ပါသည်။ ဤတိုက်ခိုက်မှုအပြီးတွင် ကျွန်ုပ်တို့ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ပါသည်” လို့ NPDF က ဖော်ပြပါတယ်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်အုပ်စု စခန်းတွေနဲ့ အမြန်လမ်းပေါ် ဖြတ်သန်းသွားလာနေတဲ့ စစ်အုပ်စုကို တော်လှန်ရေး တပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်နေတာ ဖြစ်ပြီး ခရီးသွားပြည်သူတွေအနေနဲ့ သတိပြုကြဖို့၊ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မပြုလုပ်ကြဖို့ကိုလည်း တော်လှန်ရေး တပ်ဖွဲ့တွေက အသိပေး တိုက်တွန်းထားပါတယ်။
အမြန်လမ်းတိုက်ခိုက်မှု ရဲနှစ်ဦး သေဆုံး၊ ရဲကားကို မီးရှို့ဖျက်ဆီး
ဇူလိုင်-၂၀၊ ၂၀၂၅။ရဲခေါင်/People’s Spring
ရန်ကုန်-မန္တလေးအမြန်လမ်း၌ စစ်ကောင်စီ၏ ရဲကားတစ်စီးအား တိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးပြီး ကားအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းဦးဆောင်သူ ကိုစိုးအောင်က လူထုနွေဦးသို့ ပြောသည်။
ယနေ့(ဇူလိုင် ၂၀ရက်) နံနက် ၇နာရီခွဲခန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၁၈)သို့ မောင်းလာသည့် စစ်ကောင်စီ၏ လက်အောက်ခံ ရဲကားကို ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။
“ကားက ရဲကားနဲ့လာတာပါဗျ။ကားပေါ်မှာလည်း ရဲနှစ်ဦး ပါပါတယ်။ပါလာတဲ့နှစ်ယောက်စလုံးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တယ်။ကားကိုလည်း သိမ်းဆည်းရရှိတယ်။သူတို့ပါလာတဲ့ လက်နက်ခဲယမ်းတွေရတယ်”ဟု ကိုစိုးအောင်က တိုက်ခိုက်မှုဖြစ်စဥ်အပေါ် ပြောသည်။
၄၅ မိနစ်ကြာတိုက်ခိုက်မှုအတွင်း BA-94 နှစ်လက်၊ ကျည်ဘောက် ငါးခုနှင့် ကျည်များ သိမ်းဆည်းရမိကြောင်း အဆိုပါတပ်ရင်းက အသိပေးသည်။
ထို့အပြင် သိမ်းဆည်းရရှိသည့် ရဲကားကိုပါ မီးရှို့ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာခဲ့ကြောင်းလည်း ဖော်ပြထားသည်။
အရေးအကြောင်းပေါ်မူတည်ပြီး ခရီးသွားပြည်သူများအနေဖြင့် အမြန်လမ်းအသုံးပြုရာတွင် ဒေသခံ ပြည်သူကာကွယ်ရေးတပ်များ၏ အချိန်နှင့်တပြေးညီ အသိပေးမှုများကို သတိပြုရန်လည်း မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် (၁၀)တပ်ရင်းက သတိပေးထားသည်။
စစ်ကောင်စီသည် အရပ်သားကားများကို အသုံးပြု၍ အမြန်လမ်း၌ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်းလည်း အသိပေးသည်။
(အမြန်လမ်း၌ ရဲကားအား တိုက်ခိုက်မှုအပြီး တွေ့ရစဉ်။ ရုပ်သံ – NPDF)