မန္တလေးက ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ရာ တစ်စီးနစ်မြုပ်ပြီး သုံးစီး ထိခိုက် ပျက်စီးတယ်လို့ MDY PDF ထုတ်ပြန်၊

မန္တလေးက ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ရာ တစ်စီးနစ်မြုပ်ပြီး သုံးစီး ထိခိုက် ပျက်စီးတယ်လို့ MDY PDF ထုတ်ပြန်၊
ထင်လင်း၊ ဒေါ်လာ/MFP၊ ဇူလိုင် – ၂၀

မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ကို ဆန်တက်နေတဲ့ စစ်သင်္ဘော ငါးစီးပါ စစ်အုပ်စုရဲ့ ရေယာဉ် ၁၄ စီးကို မြစ်ကမ်းတလျှောက်ကနေ စောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီး နစ်မြုပ်ပြီး သုံးစီး ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က သတင်း ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၇ရက်က စတင်ပြီး မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်အုပ်စုရဲ့ စစ်သင်္ဘောနဲ့ ရေယာဉ်တွေကို မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်မြို့နယ်ထဲ ဖြတ်သန်းချိန် မြစ်ရိုးတလျှောက်ကနေ ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“အဆိုပါ မြစ်ကြောင်းတလျှောက် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ လက်နက်ခဲယမ်းနှင့် ရိက္ခာများ တင်ဆောင်ထားသော တွဲတွန်းသင်္ဘော တစ်စီး နစ်မြှုပ်သွားခဲ့ပြီး စစ်သင်္ဘော တစ်စီးနှင့် အခြားတွန်းသင်္ဘော နှစ်စီးသည် မီးလောင်ပျက်စီးမှုများပြားခဲ့သည်” လို့ MDY PDF က ဖော်ပြပါတယ်။
စစ်အုပ်စုက သင်္ဘောတွေ ဆန်တက်ရာ မြစ်ကြောင်းတလျှောက် Y-12 လေယာဉ်တွေနဲ့ ထပ်ကြပ်မကွာ လိုက်ပါပြီး ဗုံးကြဲနေသလို ဂျက်ဖိုက်တာ တိုက်လေယာဉ်၊ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ အကြိမ်ကြိမ် ဗုံးကြဲနေတဲ့ကြား စစ်အုပ်စု အထိနာအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ MDY PDF က ဆိုပါတယ်။
မနေ့က ဇူလိုင် ၁၉ရက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်သင်္ဘောတွေ မန္တလေးတိုင်း၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်ကြား၊ စစ်ကိုင်းတိုင်း ခင်ဦးနယ်ထဲ ရောက်လာချိန် တော်လှန်ရေးတပ်တွေ ရဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်ပျက်စီးမှု ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
“ကျောက်မြောင်း(မြို့)ရဲ့ အထက် အင်းဂတီးကျေးရွာနားမှာ စစ်သင်္ဘော နှစ်စီး စက်ချို့ယွင်းတယ်။ တိုက်ခိုက်ခံရလို့ ပျက်တာ။ အဲ့ဒီ သင်္ဘောတွေ ပျက်လို့ လေကြောင်းအပေါ်က ဝဲပေးနေတာ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
စစ်အုပ်စုရဲ့ ရေယာဉ်တွေဟာ မြစ်ကမ်းတလျှောက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ် ရမ်းကားပစ်ခတ်ပြီး မြစ်ကြောင်းအတိုင်း ဆက်လက် ဆန်တက်နေကာ ဇူလိုင် ၂၀ ရက် ဒီကနေ့မှာတော့ သပိတ်ကျင်းမြို့ရဲ့ အထက်ဘက်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
စစ်အုပ်စုဟာ မြစ်ရေတက်ချိန်တိုင်း မြစ်ကြောင်းအသုံးပြုကာ စစ်စခန်းတွေနဲ့ ပျူစောထီးတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ထောက်ပို့လေ့ရှိပြီး စစ်အုပ်စုနဲ့ ပျူတွေ ခိုးယူလုယက်ထားတဲ့ ပစ္စည်းတွေကို ပြန်လည် သယ်ယူလာတာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်အုပ်စု ရေယာဉ်တွေကို MDY PDF က တိုက်ခိုက်စဉ်/Photo – MDY PDF