ရခိုင်ပြည်တွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို အမိန့်ဖြင့် ပြည်သူ့ နေ အိမ် များကို ဖျက်ဆီးခိုင်းကာ ဘုန်းကြီးကျောင်းတိုင် ပါမကျန် ချွတ်ယူခိုင်းနေဟု တပ်မ ၅၅ မှ အလင်းဝင် တပ်သား နိုင်ဝင်းစိုး ဝန်ခံ ထွက်ဆို

ရခိုင်ပြည်တွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို အမိန့်ဖြင့် ပြည်သူ့ နေ အိမ် များကို ဖျက်ဆီးခိုင်းကာ ဘုန်းကြီးကျောင်းတိုင် ပါမကျန် ချွတ်ယူခိုင်းနေဟု တပ်မ ၅၅ မှ အလင်းဝင် တပ်သား နိုင်ဝင်းစိုး ဝန်ခံ ထွက်ဆို
ရန်ကုန်၊ ဇူလိုင် ၂၁

ရခိုင်ပြည်နယ်တွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို အမိန့်ဖြင့် ကျေးရွာများကို ဝင်ခိုင်းပြီး နေအိမ်များကို ဖျက်ဆီးခိုင်းကာ ဘုန်းကြီးကျောင်းတိုင်ပါမကျန် ချွတ်ယူခိုင်းဟု အလင်းဝင် စစ်မှုထမ်း တပ်သား နိုင်ဝင်းစိုးက ဝန်ခံ ထွက်ဆိုသည်။
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကျွန်းဆိပ်ကျေးရွာမှ စစ်မှုထမ်းတပ်သား နိုင်ဝင်းစိုးသည် ယခု နှစ် ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ ပေါ်တာဆွဲ ဖမ်းဆီးမှုကြောင့် စစ်မှုထမ်း အပတ်စဉ် ၉ တက်ရောက်ခဲ့ရကြောင်း၊ ယင်းနောက် ရခိုင် ပြည်သို့ အပို့ခံရကာ တပ်မ ၅၅ တွင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း၊ ထို့နောက် AA အာရက္ခတပ်တော်ထံတွင် အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။
စစ်တွေမြို့တွင် အလင်းဝင်တပ်သား နိုင်ဝင်းစိုးသည် အမြင့်ကျွန်းတွင် တာဝန်ထမ်းဆောင်ရပြီး ဘန်ကာများတူးခြင်း၊ အရှေ့ကာကင်းတွင် တာဝန်ထမ်းဆောင်ရကြောင်း၊ တာဝန်ထမ်းဆောင်ချိန်တွင် စစ်တပ်က စစ်မှုထမ်းတပ်သားများကို ကျေးရွာများသို့ အတင်းအဓမ္မ ဝင်ရောက်စေပြီး နေအိမ်များကို ဖျက်ဆီးခြင်း၊ဘုန်းကြီးကျောင်း တိုင်မပါမကျန် ချွတ်ယူခိုင်းကြောင်း သိရှိရသည်။
“စစ်တွေမြို့ တပ်မ ၅၅ အရှေ့ကာကင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမြင့်ကျွန်းမှာ အရှေ့ကာကင်းတွေမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အမိန့်အာဏာနဲ့ သူတို့ပြောတဲ့ ရွာတွေကို ဝင် အိမ်တွေကို ဖျက်ရတယ်။ ဘုန်းကြီးကျောင်းတိုင်တွေကအစ အကုန်လုပ်ရပါတယ်။ ကျနော်တို့ကို အမိန့်နဲ့ပဲ ခိုင်းတာပါ။ မလုပ်နိုင်တဲ့ အရာတွေကို ဖိပြီး ခိုင်းတယ်။ ဖိ အားပေးတယ်။ အစားအသောက်ကျတော့ ကောင်းကောင်းမွန် မကျွေးပါဘူး။ အဲဒီလို ဖိနှိပ်တာတွေရှိတဲ့အတွက် ထွက်ပြေးချင်တဲ့လူတွေ တစ်ပုံကြီးရှိပါတယ်” ဟု အလင်းဝင်တပ်သား နိုင်ဝင်းစိုးက ရှင်းပြသည်။
စစ်မှုထမ်းတပ်သားများအနေဖြင့် စိတ်မပါသော်လည်း စစ်မြေပြင်တွင် ထွက်ပြေးပါက စစ်တပ်က လိုက်လံပစ်ခတ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ AA ထံတွင် အလင်းဝင်ပါကလည်း AA က လည်လှီးသတ်လိမ့်မည်ဟု စစ်တပ်က ခြိမ်းခြောက်ထားကြောင်း သိရှိရသည်။
“စစ်မြေပြင်မှာ ထွက်ပြေးမယ်ဆိုရင် လိုက်ပြီး ပစ်မယ်လို့ ပြောပါတယ်။ ဖုန်းတွေကို သိမ်းထားပါတယ်။ မိဘတွေနဲ့ အဆက်အသွယ်တွေ ပေးမလုပ်ပါဘူး။ အပြင်လောကသတင်းတွေကို ဘာမှ အဆက်အသွယ်မရဘဲ အမှောင်ချထားပါတယ်။ အာရက္ခတပ်တော်က မင်းတို့ကို နှိပ်စက်မှာပဲ။ ကျနော်အခုရောက်တဲ့အချိန်မှာ အာရက္ခတပ်တော်က ကျနော်တို့ကိုကြိုဆိုပါတယ်။ သူတို့ပြောတာနဲ့ တခြားစီပါပဲ။ သူတို့လူတွေနဲ့ ကွာပါတယ်” ဟု အလင်းဝင်တပ်သားနိုင်ဝင်းစိုးက ရှင်းပြသည်။
ထို့ပြင် စစ်သင်တန်းကျောင်းများတွင် အာရက္ခတပ်တော်က အလင်းဝင် စစ်သားများကို ရက်ရက်စက်စက် သတ်ဖြတ်သည်ဆိုသော ဓာတ်ပုံများ ပြသထားကြောင်း၊ ထို့ကြောင့် စစ်တပ်ထဲတွင် အလင်းဝင်လိုသော်လည်း ကြောက်လန့်နေသော စစ်မှုထမ်းတပ်သား အများအပြားရှိနေကြောင်း၊ သို့ရာတွင် အလင်းဝင်ရောက်ချိန်တွင် AA က နွေးထွေးစွာ ကြိုဆိုပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားများအားလုံးကို ရှေ့တန်းစစ်မြေပြင် တွင် အဓိက အသုံးပြုနေပြီး စစ်မှုထမ်းတပ်သားများ သေဆုံးပါကလည်း သက်ဆိုင်ရာ မိဘ ဆွေမျိုးများထံသို့ အကြောင်းကြားပေးခြင်းမရှိကြောင်း တပ်သတင်းရင်း မြစ်များက ပြောဆိုသည်။