MNDAA က သိန္နီကို ပြန်ပေးဖို့ သဘောတူကြောင်း သတင်းထွက်ပေါ်
ဇူလိုင် ၁၉၊ ၂၀၂၅
Shy V (VOM)
ကိုးကန့် MNDAA ထိန်းချုပ်ထားတဲ့ သိန္နီကို နစကထံပြန်ပေးဖို့ MNDAA တပ်ဖွဲ့ ဘက်က သဘောတူကြောင်း သတင်းထွက်ပေါ်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ကိုးကန့်က သိန္နီ ပြန်ပေးဖို့ သဘောတူတယ်လို့ ကြားသိရတယ်။ ကွမ်းလုံပါ ပေးရမယ်။ လားရှိုး ဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံမှုရဲ့ အဆက် သဘောတူချက်ရတယ်လို့ သိရတယ်။ သိန္နီက ပြန်ပေးရဖို့ သေချာပြီ။” လို့ ဒေသခံ တယောက်က ပြောပါတယ်။
အစိုးရဝန်ထမ်းနဲ့ နီးစပ်သူ တယောက်ကလည်း မုံးကိုးဒေသကို နဂိုအတိုင်း ပြန် အဆင်ပြေဖို့ လ အနည်းငယ် သည်းခံ စောင့်ဆိုင်းဖို့ အသိပေးထားကြောင်း ပြောပြပါတယ်။
“သိန္နီ ပြန်ပေးဖို့က သေချာတာပေါ့ဗျာ။ လားရှိုး ဆင်နှစ်ကောင် ဟိုတယ်မှာ ထပ်တွေ့ဖို့ ရှိတယ် ခင်ဗျ။” လို့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ အခြေအနေကို လေ့လာ စောင့်ကြည့်နေတဲ့ အမျိုးသား တယောက်က ပြောပါတယ်။
လားရှိုး ဆင်နှစ်ကောင် ဟိုတယ်မှာ အစည်းဝေးလုပ်တဲ့ ရလဒ်က မန္တလေး – မူဆယ် လမ်းကြောတလျှောက် နေရာယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အကုန် ဩဂုတ်လ နောက်ဆုံးထားပြီး ဆုတ်ရမယ်လို့ ကြားသိရကြောင်း သူက ပြောပါတယ်။
“သိန္နီက လာမယ့် ၈ လ ပိုင်းကုန်လောက် ပြန်ပေးဖြစ်ဖို့ များတယ်။ တရုတ်ရဲ့ ဝင်ပါမှုကြောင့်ပါ။ သူတို့ ပြောတဲ့ စကားအသွားအလာအရ ပေါ့နော်” လို့ သိန္နီ ဒေသခံ တယောက်က ပြောပါတယ်။
တရုတ်ရဲ့ စီးပွားရေး တံခါးပေါက်တွေဖြစ်တဲ့ ချင်းရွှေဟော် နယ်စပ်ဂိတ်ထိ စစ်တပ် ပြန်ထိုင်ဖို့ တရုတ်ဘက်က ဆွေးနွေးပေးနေတာပါလို့လည်း သူက ပြောပါတယ်။
ကိုးကန့် MNDAA တပ်ဖွဲ့ဘက်ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့ ကနေ ဇူလိုင်လ ၁၃ ရက်နေ့အထိ သိန္န္ီမြို့နယ်နဲ့ လားရှိုးမြို့ပြင် တချို့ရွာတွေက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးမှု များတဲ့ ဒေသခံတွေရဲ့ နေအိမ် ၄၀၀ ကျော်ကို ပျက်စီးမှုပေါ်မူတည်ပြီး ယွမ် ၁၀၀၀ ကနေ ယွမ် ၆၀၀၀ အထိ ထောက်ပံ့ ပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
ေဒသခံတချို့ကတော့ သိန္နီကို ပြန်ပေးမယ့်အလားအလာ သိပ်မတွေ့ရပဲ တိုက်ပွဲ ပြန်ဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ ပြောပါတယ်။
Photo Crd# ဒေသခံ