ကျောက်ကြီးတွင် စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်ခဲယမ်းများ ယူဆောင်အလင်းဝင်

ကျောက်ကြီးတွင် စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်ခဲယမ်းများ ယူဆောင်အလင်းဝင်
ရန်ကုန်၊ ဇူလိုင် ၁၉

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ်မှုထမ်း တပ်သား ၄ ဦး လက်နက်ခဲယမ်းများ ယူဆောင်လာပြီး KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့ကြောင်း KNU ခလယ်လွီထူခရိုင်က သတင်းထုတ်ပြန်သည်။
ဇူလိုင်လ ၈ ရက်နေ့တွင် ခမရ−၂၀ (ညောင်လေးပင်) နှင့် ခမရ ၅၈၁ (ကော့သောင်း) တို့မှ အတင်းအဓမ္မ စစ်မှုထမ်းခေါ်ထားသော အပတ်စဉ် ၈ မှ တပ်သား ၂ ဦးနှင့် အပတ်စဉ် ၅ မှ တပ်သားဦးသည် လက်နက်ခဲယမ်းများ ယူဆောင်လာပြီး ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ ထံ အလင်းဝင်ရောက်ခဲ့သည်။
အလင်းဝင်လာသူများမှာ စစ်မှူထမ်း အပတ်စဉ် ၈ မှ ရဲဘော် ညီညီလွင် ၊ ရဲဘော် နှင်းမောင် နှင့် စစ်မှုထမ်း အပတ်စဉ် ၅ မှ တပ် သား စိုးဌေးအောင် ၊ တပ်သား မြင့်မြတ်အောင် တို့ ဖြစ်သည်။
အဆိုပါ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် MA-11 သေနတ် ၂ လက် ၊ MA-2 သေနတ် ၁ လက်၊ MA-1 သေနတ် ၁ လက် ၊ ကျည်ဘောက်နှင့် ကျည်ဆန်များ ယူဆောင်လာသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၉ က ဆုကြေးငွေ ကျပ် ၁၀ သိန်းစီ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ လက်နက်ချ အလင်းဝင်လာသူများကို ကရင်အမျိုးသားအစည်းအရုံးနှင့် တိုင်း ရင်းသား တော်လှန်ရေးတပ်များက ကြိုဆိုလျက်ရှိပြီး အတင်းအဓမ္မစုဆောင်းခံရသော တပ်သားသစ်များအနေဖြင့် စစ်အာဏာရှင်များ၏ အလိုကျ တာဝန် ထမ်းဆောင်ခြင်းမပြုဘဲ မိမိတို့တာဝန်ကျရာ နယ်မြေအနီးရှိ တိုင်းရင်းသား တော်လှန်ရေး တပ်များ ထံသို့ လက်နက်ချ အလင်းဝင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။