Breaking News – ဧရာဝတီမြစ်ဘေး ကျေးရွာတွေကို စစ်အုပ်စု ဗုံးကြဲလို့ အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံး၊
ဒေါ်လာ/MFP၊ ဇူလိုင် – ၁၇
မန္တလေးမြို့ရဲ့ အထက်ဘက်၊ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာတွေကို ဇူလိုင် ၁၇ရက် ဒီကနေ့ ညနေပိုင်း စစ်အုပ်စုက Y-12 လေယာဉ်နဲ့ ဗုံးကြဲချလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ အရပ်သားပြည်သူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဝက်လက်မြိုနယ် အရှေ့ခြမ်း ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနဲ့ ရေလည်မော်ရွာတို့ကို မန္တလေးမြို့၊ တံတားဦး လေတပ်က တက်လာတဲ့ Y-12 တစ်စီးနဲ့ ဒီကနေ့ညနေ ၅နာရီဝန်းကျင်မှာ ထင်တိုင်းကျဲ ဗုံး ကြဲချခဲ့တာလို့ ဆိုပါတယ်။
ကနဦး အနေနဲ့ သေဆုံးသူ ၁၅ ဦး ရှိပြီး ဒဏ်ရာရသူ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘဲ ရေတွက်နေဆဲ ဖြစ်တယ်လို့ ဒေသခံမြေပြင်ကင်းထောက် Wetlet Informational Network က ကိုနဂါးလေး က ပြောပါတယ်။
“ငါးဘတ်ချောင်းကျေးရွာက ပြည်သူ ရှစ်ဦးလောက် သေဆုံးတယ်တဲ့။ ဒဏ်ရာရသူကလည်း များတယ်။ မရေတွက်နိုင်သေးဘူးတဲ့။ ရှားကွဲကျေးရွာကလည်း ပြည်သူ ခုနှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူ များတယ်တဲ့။ သေဆုံးတာက တော်တော်ကို ဆိုးဆိုးရွားရွား ဖြစ်ကုန်တယ်လို့ ပြောတယ်။ အထိအခိုက်ကလည်း များတယ်။ ကျနော်တို့ သွားကြည့်တာတော့ ထိခိုက်တာက မရေတွက်နိုင်ဘူးတဲ့။ ရတွက်ထားတာကို မေ့ကုန်တယ်လို့ ပြောတယ်။ ထိခိုက်တာတွေက များလို့”
ဗုံးထိမှန်လို့ အိုးအိမ် ပျက်စီးသလို ကျွဲ၊နွားတွေလည်း သေဆုံးမှု ရှိတယ်လို့ ဆိုပါတယ်။ ထိခိုက်သေဆုံးမှုန့ ပျက်စီးမှု အရေအတွက်ကို MFP အနေနဲ့ ဆက်လက် စုံစမ်းနေပါတယ်။
ဇူလိုင် ၁၇ရက် ဒီကနေ့ မနက်ပိုင်း မန္တလေးမြို့ကတဆင့် စစ်အုပ်စုရဲ့ စစ်သင်္ဘော၊ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် အစီး ၂၀ ဝန်းကျင် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေချိန် စစ်အုပ်စုက အထက်ပါ အတိုင်း မြစ်ကမ်းဘေးကျေးရွာတွေကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၁ရက်ကလည်း စစ်အုပ်စုက ရေလည်မော်ရွာကို အကြောင်းမဲ့ ဗုံးကြဲလို့ ပြည်သူ တစ်ဦး သေဆုံးကာ ခုနှစ်ဦး ဒဏ်ရာရခဲ့ပါသေးတယ်။
ဧရာဝတီမြစ်ကမ်းရှိ ဝက်လက်နယ် ရေလည်မော်ရွာနဲ့ မင်းအောင်လှိုင်ကို သစ္စာခံပြီး ပြည်သူကို ဗုံးကြဲနေတဲ့ စစ်အုပ်စု/Photo – စစ်အုပ်စု