စစ်သင်္ဘောအုပ်စု ဝက်လက်မြို့နယ်အ​ရောက်မြစ်ကမ်း​ဘေးရွာ​တွေကိုစစ်တပ်ဗုံးကြဲ ၊ပြည်သူ

ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ၂၁ ဦးထိရှိလာ

ရန်ကုန်၊ ဇူလိုင် ၁၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သေဆုံးသူ ၂၁ ဦးထိ ရှိလာပြီးဖြစ်ကြောင်း ဒေသပြည်သူများနှင့် ဒေသ တော်လှန်ရေးတပ်ဖွဲ့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ဝက်လက်မြို့နယ်နှင့် စဉ့်ကူးမြို့နယ် အစပ်ရှိ ရှားကွဲရွာ၊ ငါးပတ်ချောင်းရွာနှင့် ရေလည်မော်ရွာ တို့ကို တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးက ဗုံးများစွာ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ငါးပတ်ချောင်းကျေးရွာမှ ပြည်သူ ၁၂ ဦး ၊ ရေလည်မော်ကျေးရွာမှ ပြည်သူ ၁ ဦး နှင့် ရှားကွဲကျေးရွာမှ ပြည်သူ ၈ ဦး စုစု ပေါင်း ပြည်သူ ၂၁ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်း အလွန်များပြားကြောင်း သိရှိရသည်။

“ညပိုင်းမှာ သတင်းထပ်ကြားပြီး အတည်ပြုနိုင်တာ သေဆုံးသူ ၂၁ ဦးထိ ရှိသွားပါပြီ။ ထိခိုက် ဒဏ်ရာရရှိသူတွေထဲမှာ ပြင်းထန်ဒဏ်ရာရတာတွေလည်းပါပါတယ်။ အရေ အတွက်က ပိုပြီးများလာနိုင်ပါတယ်။ Y-12 လေယာဉ်က ဗုံးတွေ အမြောက်အများ ကျဲချ တိုက်ခိုက်သွားတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေယာဉ် အုပ်စုက ဇူလိုင်လ ၁၇ ရက်နေ့ ညပိုင်းအထိ ဝက်လက်မြို့နယ် အရှေ့ခြမ်း ရှိမ်းမကားရွာ အရှေ့ဘက်တွင် ကျောက်ချထားကာ ရပ်တန့်ထားပြီး ယနေ့ နံနက်ပိုင်းတွင် စဉ့်ကူးမြို့နယ် အတွင်း ဆက်လက် ထွက်လာမည်ဖြစ်ကြောင် သိရှိရသည်။

ထို့ကြောင့် ဧရာ၀တီမြစ်ကြောင်း တစ်လျှောက်တွင် နေထိုင်သော ပြည်သူများ အနေဖြင့် စစ်သင်္ဘောအုပ်စု ၏ ပစ်ခတ်ခြင်းမှ လွတ်မြောက်နိုင်ရေး ဘေးလွတ်ရာကို ကြိုတင်ရှောင်ရှားထားကြရန် စဥ့်ကူးမြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုသံမဏိ က ရန်ကုန်ခေတ်သစ် သတင်းဌာနမှတစ်ဆင့် ပြည်သူများကို သတိပေး ပြောဆိုသည်။

“စစ်ရေယာဉ် အုပ်စုက မြစ်အထက်ပိုင်းကို တက်ပြီးဆိုတာနဲ့ တပြိုင်နက်တည်း မြစ် ကြောင်းဘေး ကျေးရွာတွေကို စစ်ရေယာဉ် အုပ်စုက လက်နက်ကြီးနဲ့ ပစ်တာမျိုး နောက် ပြီး လေကြောင်းကနေ တိုက်ခိုက်တာမျိုးတွေ ပြုလုပ်လာနိုင်ပါတယ်။ မနေ့ကလည်း ဝက်လက်ဘက်ကရွာတွေကို ဗုံးကျဲ တိုက်ခိုက်သွားတာတွေရှိတော့ အဲတော့ မြစ်ကြောင်းဘေးမှာရှိတဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို တိမ်းရှောင်ကြဖို့ အသိပေးချင်တာပေါ့” ဟု ကို သံမဏိက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ စစ်သင်္ဘောအုပ်စုတွင် တိုက်ခိုက်ရေးရေယာဉ် ၊ ကမ်းထိုးရေယာဥ် ၊ ဖလက်ခွံ နှင့် တွန်းသင်္ဘောများပါဝင်ပြီး စုစုပေါင်း ၁၂ စီးရှိကြောင်း၊ တွန်းသင်္ဘော အမည်များမှာ နဒီ ၊ ရွှေဝါလှိုင် ၊ ဇွဲမာန်အောင် ၊ အောင်ပြည့်စုံ၊ ဝင်းပြည့်၊ မြတ်တော်ဝင်၊ ဟိန်းထက်စိုး ၁ ၊ ၂ နှင့် အမည်မသိ ၁ စီးတို့ ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ – ယမန်နေ့ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အဘွားတစ်ဦး သေဆုံးနေစဉ်။

စစ်သင်္ဘောအုပ်စု ဝက်လက်မြို့နယ်အ​ရောက်မြစ်ကမ်း​ဘေးရွာ​တွေကိုစစ်တပ်ဗုံးကြဲ ၊ပြည်သူ
၂၀ခန့်သေဆုံး ပြီး ၃၀ ​ကျော်ဒဏ်ရာရ
ဇူလိုင်၁၇၊၂၀၂၅။မေ၊​ဇော်ရမ်း/People’s Spring
ဧရာဝတီမြစ်ကြောင်းမှ စစ်ရေယာဉ်အုပ်စု ဝက်လက်မြို့နယ်အတွင်းရောက်လာချိန်မှာ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊မြစ်ကမ်းဘေးကျေးရွာတွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ ပြည်သူ၁၉ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ကနဦးသိရပါတယ်။
ဝက်လက်မြို့‌‌နယ်အရှေ့ခြမ်းက ရေလည်မော်၊သစ်ဆိမ့်ကြီး၊သျှားကွဲ၊ငါးပတ်ချောင်း ကျေးရွာ တွေကို ဇူလိုင် ၁၇ ရက် ညနေ ၅ နာရီခွဲ​ကျော်မှာ စစ်တပ်ကY-12 ​လေယာဥ်နဲ့ ဗုံးကြဲခဲ့ရာမှာ ပြည်သူ၁၉ဦး၊ပကဖ၁ဦး သေဆုံးပြီး ပြည်သူ၃၀ ကျော်ဒဏ်ရာရထားတယ်လို့ ဒေသခံ ​တွေက​ပြောပါတယ်။
“မနက်က မတ္တရာဘက်ကို ဒီသင်္ဘောတွေ ရောက်တဲ့အချိန် လက်နက်ကြီး စပစ်တာပဲ။ရှိမ်းမကားအရှေ့လည်းရောက်ရော လေယာဉ်က ရွာတွေကို ဆက်တိုက်ကြဲတာ။တညနေလုံးပစ်တာ။အလုံးရေ ကိုမ​ရေတွက်နိုင်ဘူး”လို့မြစ်ကမ်းဘေးကျေးရွာက ဒေသခံ တဦးက ပြောပါတယ်။
လက်ရှိမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဒဏ်ရာရနဲ့ သေဆုံးသူစာရင်းအတိအ
ကျကို​တော့ကောက်ယူနေဆဲဖြစ်တယ်လို့လည်း ​ဒေသခံ​တွေက​ပြောပါတယ်။
အခြား​ဒေသခံတဦးကလည်း “သတင်းဝင်လာတယ်။ အခုအပစ်ခံရတဲ့ရွာတွေက ဧရာဝတီ မြစ်ဘေးကရွာတွေဖြစ်တယ်။ သေဆုံးတာတွေလည်းများတယ်။ ဒဏ်ရာရလည်းများတယ်”လို့ပြောပါတယ် ။
စစ်တပ်က ‌ဗန်းမော်မြို့ကို စစ်ကူသွားဖို့ဆိုပြီးသတင်းထွက်​နေတဲ့ စစ်သင်္ဘော အစီး​ရေ ၂၀ ​ကျော်ပါတဲ့ စစ်​ရေယာဥ်အုပ်စုဇူလိုင် ၁၇ ရက်မနက်မှာ မန္တလေး ၊​​ဂေါဝိန်ဆိပ်ကနေ စတင်ထွက်ခဲ့တာပါ။ ဒီ​ရေယာဥ်​တွေထဲမှာဇွန်လကတည်းကပြည်သူပိုင်သင်္ဘော​တွေကိုပါဖမ်းဆီးပြီးယာဥ်အမည်​တွေဖျက်ပြီး စစ်တပ်ကသုံးဖို့ပြင်ဆင်ထားတဲ့ သင်္ဘော​တွေပါဝင်ပါတယ် ။
သင်္ဘောအုပ်စုကိူ စစ်ကောင်စီက လေကြောင်းမှလုံခြုံရေး အကူအညီပေးနေပြီး ယနေ့ညနေမှာ မြစ်ကမ်း​ဘေးရွာ​တွေကိုဗုံးကြဲခဲ့တာဖြစ်ပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဇူလိုင် ၁၇ ရက်ညမှာ ဝက်လက်မြို့နယ် ရှိမ်းမကားရွာအနီးမှာရပ်နားထားတယ်လို့ စုံစမ်းသိရပါတယ် ။
ဒီရေလမ်း ကြောင်းကို စစ်တပ်က သပိတ်ကျင်းမြို့ကို တော်လှန်ရေး တပ်တွေသိမ်းပိုက်ခဲ့ချိန် ထွက်​ပြေးစဥ်က​နောက်ဆုံးအသုံးပြုခဲ့တာဖြစ်ပါတယ် ။ သပိတ်ကျင်းမြို့ကို​​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ချိန် မှာ သပိတ်ကျင်းက စစ်​ကောင်စီဝန်ထမ်း​တွေနဲ့ ကသာမြို့က ပေါ်တာဆွဲလာသူ တွေနဲ့ ၊ Non -CDM စစ်တပ်ဝန်ထမ်းတွေကို ခေါ်ပြီး ဧရာဝတီမြစ်အတိုင်း မန္တလေးမြို့ကို စစ်တပ်ထွက်ပြေးလာခဲ့တာပါ။ သပိတ်ကျင်းမြို့နယ်ကို ​တော်လှန်​ရေးတပ်​တွေက၂၀၂၄ သြဂုတ် ၂၅ ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာပါ ။ဒါ​ကြောင့် ၁၁ လခန့်ကြာမှ အခု​ရေလမ်း​ကြောင်းကို စစ်​ကောင်စီကပြန်သုံးလာတာဖြစ်ပါတယ် ။
ရုပ်သံ-The voice of wetlet madayar