တောင်ဒဂုံရှိ ဆွေမျိုးတော်စပ်သူ နေအိမ်သို့ လာရောက်သည့် ဗိုလ်ကြီး ဇော်မျိုးလတ် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဇူလိုင် ၁၇
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ဆွေမျိုးတော်စပ်သူ နေအိမ်သို့ လာရောက်သည့် ဗိုလ်ကြီး ဇော်မျိုးလတ်ကို ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Civilian Military – SRDF အထူးစစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် မှော်ဘီမြို့နယ်၊ ရေတွင်းကုန်းကြီး ကျေးရွာသို့ ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီးအဆင့်ရှိသူ ဇော်မျိုးလတ်သည် မှော်ဘီမှတဆင့် တောင်ဒဂုံမြို့နယ်ရှိ ဆွေမျိုးတော်စပ်သူ နေအိမ်သို့ သွားရောက်စဉ် တော်လှန်ရေး ရဲဘော်များက အနီးကပ်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း ဗိုလ်ကြီး ဇော်မျိုးလတ်သည် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“သူဆွေမျိုးရှိတဲ့ နည်းပညာကျောင်းအသွား ရိုးမရိပ်သာနီးမှာ တိုက်ခိုက်ခဲ့တာပါ။ ကျနော်တို့ကို သတင်းပေးတွေက ပေးပို့လာလို့ အမြန်ဆုံး မစ်ရှင်စခဲ့တာပါ။ စစ်ကောင်စီဘက်ကတော့ သတင်းဖုံးဖို့ ကြိုးစားထားပြီး အလောင်းကိုတော့ နေရပ်ပြန်သယ်တယ်လို့သိရပါတယ်” ဟု Civilian Military – SRDF အထူးစစ်ကြောင်းမှ တာဝန်ရှိသူက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူကာကွယ်ရေးတပ်မတော် Civilian Military -SRDF အထူးစစ်ဆင်ရေးတပ်ဖွဲ့ နှင့် ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး စစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးဌာနခွဲ၏ ညွှန်ကြားချက်ဖြင့် စစ်ရေးလှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။