မန္တလေးဆိပ်ကမ်းက စစ်င်္ဘောနဲ့ ရေယာဉ် အစီး ၂၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာ၊

မန္တလေးဆိပ်ကမ်းက စစ်င်္ဘောနဲ့ ရေယာဉ် အစီး ၂၀ ခန့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာ၊
ထင်လင်း/MFP၊ ဇူလိုင် – ၁၇
မန္တလေးမြို့၊ ဂေါဝိန်ဆိပ်ကမ်း၊ ရတနာပုံသင်္ဘောကျင်း (ရေတပ်စခန်း)မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘောတွေ အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် အစီး ၂၀ ခန့်ဟာ ဇူလိုင် ၁၇ ရက် ဒီကနေ့ မနက် ၈နာရီလောက်မှာ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ပိုင်းကို ဆန်တက်နေပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပါတယ်။
အဆိုပါ ရေယာဉ်အုပ်စုမှာ ကားတာယာဟောင်းတွေ၊ သဲအိတ်တွေနဲ့ အကာအကွယ် ပြုလုပ်ထားတဲ့ တိုက်သင်္ဘော နှစ်စီး၊ ကမ်းထိုးသင်္ဘော နှစ်စီး၊ ဖလက်စစ်သင်္ဘော နှစ်စီးနဲ့ ကုန်တင်သသင်္ဘောတွေ ပါတယ်လို့ ဆိုပါတယ်။
“အကုန်ပါလာပြီ၊ စုစုပေါင်း ၁၅စီးနဲ့၂၀ ကြားရှိမယ်၊ Gun Boat နှစ်စီး၊ LCM အကြီး တစ်စီး၊ LCM အသေး တစ်စီး၊ လက်နက်ကြီးတင် ဖလက် နှစ်စီး၊ တွဲတွန်းကတော့ အတိအကျ မသိရသေးဘူး၊ သံခွန်+သင်္ဘော ခုနှစ်စီးလို့ သိရထားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ သင်္ဘောတွေဟာ လက်ရှိမှာ စစ်ကိုင်း – မင်းကွန်းကို ကျော်လာပြီလို့ ဆိုပါတယ်။
အဲ့ဒီ စစ်သင်္ဘောနဲ့ ရေယာဉ်တွေဟာ မြစ်ကြောင်းအတိုင်း သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်နဲ့ ဗန်းမော်မြို့ အထိ ဆန်တက်မယ်လို့ သတင်းရကြောင်း ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
“ကျနော်ရထားတဲ့ သတင်းက တချို့က သပိတ်ကျင်းကို ကပ်ပြီး ၇မိုင်၊ ကျောက်ကြီး အားဖြည့်ပြီး မိုးကုတ် တိုးမယ်၊ တချို့က ဗန်းမော် ဘက်တက်မယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
စစ်သင်္ဘောတွေ ဆန်တက်လာနိုင်ဖို့အတွက် စစ်အုပ်စုဟာ ဇူလိုင်လဆန်းရက်တွေအတွင်း ဧရာဝတီ မြစ်ကြောင်းတလျှောက် မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း မြို့နယ်တွေမှာ နယ်မြေရှင်းလင်းတာ၊ ကင်းထောက်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပြုလုပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုရဲ့ စစ်သင်္ဘော၊ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ ဆန်တက်လာပြီဖြစ်တဲ့အတွက် မြစ်ကြောင်းတလျှောက် မြို့၊ရွာတွေက ပြည်သူတွေ သတိပြု နေထိုင်ကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းထားပါတယ်။
လတ်တလောမှာတော့ သပိတ်ကျင်းမြို့နယ်၊ ၇မိုင်ကျေးရွာရှိ စခတ -၂ ခေါ် အမှတ် ၂ စစ်အခြေခံ လေ့ကျင့်ရေးတပ် အတွင်း ခိုအောင်းနေတဲ့ စစ်အုပ်စုက ဧရာဝတီမြစ်ကမ်း၊ သပိတ်ကျင်းမြို့ဘက်ကို ဖောက်ထွက်ဖို့ ကြိုးစားနေလို့ ၆မိုင်၊ ၅မိုင်နဲ့ ၄မိုင်ရွာတွေဘက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ၇မိုင်ရွာကနေ ၄မိုင်ကျေးရွာအထိ စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်အုပ်စုက ကျေးရွာအတွင်းရှိ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့သလို လေကြောင်းဗုံးကြဲ တိုက်ခိုက်တာကြောင့် ၄မိုင်ရွာနဲ့ အနီးဝန်းကျင် ရွာတွေသာမက သပိတ်ကျင်းမြို့ပေါ်နေ ပြည်သူတွေပါ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လအတွင်းကလည်း စစ်အုပ်စုရဲ့ စစ်သင်္ဘာ၊ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ်တွေ မန္တလေးကနေ ဗန်းမော်အထိ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်ခဲ့ပြီး အဲ့ဒီ ရေယာဉ်တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နဲ့ တော်လှန်ရေး အင်အားစုတွေ တိုက်ခိုက်ရာ စစ်ရေးယာဉ် နှစ်စီး နစ်မြုပ်ပြီး လေးစီး ပျက်စီးခဲ့ပါတယ်။
စစ်အုပ်စုဟာ မြစ်ရေတက်ချိန်တိုင်း မြစ်ကြောင်းအသုံးပြုကာ စစ်စခန်းတွေနဲ့ ပျူစောထီးတွေအတွက် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ ထောက်ပို့လေ့ရှိပြီး စစ်အုပ်စုနဲ့ ပျူတွေ ခိုးယူလုယက်ထားတဲ့ ပစ္စည်းတွေကို ပြန်လည် သယ်ယူလာတာတွေ လုပ်လေ့ရှိတာ ဖြစ်ပါတယ်။
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်သင်္ဘောတစ်စီး/Photo – ပေးပို့