အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်း

by

in

အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်း
ရန်ကုန်၊ စက်တင်ဘာ ၉
ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ငွေကျပ် ၅၀၀၀ ဝန်းကျင်သို့ စျေးနှုန်းကျဆင်းပြီး ရွှေစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ၆၅ သိန်းအထိ ပြန်လည်ကျဆင်းလာကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ပြည်ပမှ သွင်းကုန်များ တင်သွင်းရာတွင် ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ အပါအဝင် ပို့ကုန်ရငွေ နိုင်ငံခြားငွေများဖြင့်သာ တင်သွင်းရမည်ဟု မူဝါဒ ပြောင်းလဲပြီးနောက် အမေရိကန်ဒေါ်လာတန်ဖိုးမှာ တအိအိ ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“အခု သွင်းကုန်သမားတွေအရမ်းအကျပ်တွေ့နေတယ်။ လိုအပ်တဲ့ ဆေးဝါး၊ လူသုံးကုန် အပါအဝင် သွင်းကုန်တွေအားလုံးကို ပို့ကုန်ရငွေ ဒေါ်လာနဲ့ပဲ အသွင်းခံတော့ အတော်ကို တိုင်ပတ်ကုန်ကြတယ်။ ပြင်ပစျေးကွက်မှာ ရှိတဲ့ အမေရိကန် ဒေါ်လာက ဝယ်စုဆောင်းတဲ့ သူနဲ့ ထိုင်း အပါအဝင် နိုင်ငံခြားမှာ ရောက်ရှိသုံးစွဲနေသူတွေကပဲ ဝယ်တော့တယ်။ သွင်းကုန်သမားတွေက ပြင်ပ ဒေါ်လာဝယ်ပြီး ပစ္စည်းသွင်းတာမျိုးမရတော့ဘူး။ အဲဒါကတစ်ချက်ပေါ့။ နောက်တစ်ခုကတော့ စက်သုံးဆီနဲ့ စားအုန်းဆီအတွက် ဒေါ်လာကို ဗဟိုဘဏ်က အကန့်အသတ်နဲ့ ဆက်ရောင်းပေးနေတယ်။ ရေတိုအား ဖြင့် ဒေါ်လာအဝယ်ကျဆင်းသွားတယ်ပြောရမယ်။ အဲဒါကြောင့်အဓိကပါ။ လိုအပ်တဲ့သူတွေအတွက်တော့ ဒေါ်လာတန်ဖိုးကျတဲ့အချိန်က အချိန်ကောင်းပါပဲ” ဟု UMFCCI မှ စီးပွားရေးသမားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အလားတူ ရွှေစျေးနှုန်းမှာလည်း ယနေ့တွင် ၆၅ သိန်း ပတ်ချာလည်သို့ စျေးနှုန်းများ ပြန်လည်ကျဆင်းလာပြီး ပွင့်လင်းရာသီရောက်ရှိနေ ရွှေကုန်ကြမ်းများ စျေးကွက်အတွင်းသို့ ပြန်လည် ဝင်ရောက် မှုရှိကြောင်း သိရှိရသည်။
Photo- Bloomberg News ။

ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်ပြန်ကျ
~~~
■ ပြည်တွင်းအခေါက်ရွှေဈေးနဲ့ အမေရိကန်ဒေါ်လာဈေးဟာ စက်တင်ဘာလ ၉ ရက် ဒီနေ့ မနက်ပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို ကျပ်ငါးထောင်ဝန်းကျင်နဲ့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၆၅ သိန်းဝန်းကျင်ရှိပြီး ဆက်တိုက် ဈေးပြန်ကျလာတယ်လို့ ရွှေနဲ့ ဒေါ်လာငွေ လုပ်ငန်းလုပ်ကိုင်သူတွေက RFA ကို ပြောပါတယ်။
ဩဂုတ်လ နောက်ဆုံးအပတ်က အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းဟာ ကျပ် ၅၇၀၀ ဝန်းကျင်ရှိခဲ့ပြီး စက်တင်ဘာလဆန်းပိုင်းမှာ ဆက်တိုက်ကျဆင်းလာတာပါ။
အခေါက်ရွှေဈေးနှုန်းလည်း ဩဂုတ်လ နောက်ဆုံးအပတ်မှာ တစ်ကျပ်သားကို ကျပ်သိန်းခုနစ်ဆယ်ဝန်းကျင် ရှိရာကနေ အခုတော့ ကျပ် ၆၅ သိန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေါ်လာနဲ့ အခေါက်ရွှေဈေး ဆက်တိုက်ကျဆင်းနေတာကြောင့် အရောင်းအဝယ် ရပ်တန့်နေတယ်လို့ နိုင်ငံခြားငွေ လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ဒေါ်လာကို သင်တန်းသွားကြမဲ့သူတွေလောက်ပဲဝယ်တော့တယ်။ လုပ်ငန်းရှင်တွေက ဒေါ်လာကို အစီးလိုက် မဝယ်ကြတော့ဘူး။ အခုဈေးကွက်ထဲမှာ ဆက်ပြီးကျလာဦးမလားဆိုပြီး စောင့်ကြည့်နေကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဝယ်မဲ့သူမရှိတော့ အရောင်းရပ်နေတယ်”
ဩဂုတ်လအတွင်း နိုင်ငံတစ်ဝန်း စက်သုံးဆီပြတ်လပ်မှုတွေ ဆိုးရွာစွာကြုံရပြီးနောက် စစ်ကောင်စီ ဗဟိုဘဏ်က စက်သုံးဆီအတွက် အမေရိကန်ဒေါ်လာ သန်းတစ်ရာ ပံ့ပိုးမယ်လို့ ကြေညာပါတယ်။ အဲဒီနောက် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ရောင်းချပေးမှုတွေ ရှိလာတာကြောင့် ဈေးတွေဆက်တိုက်ကျလာတာလို့ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
အမေရိကန်ဒေါ်လာနဲ့ ရွှေဈေးတွေ ဆက်တိုက်ကျဆင်းနေပေမဲ့ စက်သုံးဆီနဲ့ ဆေးဝါးအပါအဝင် အခြေခံကုန်ဈေးနှုန်းတွေ မကျသေးတာကြောင့် ဒီကုန်ဈေးနှုန်းတွေလည်း ကျဆင်းဖို့လိုတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာမသိမ်းခင်က အခေါက်ရွှေ တစ်ကျပ်သားကို ၁၃ သိန်းကျော်နဲ့ အမေရိကန် တစ်ဒေါ်လာကို ၁၄၀၀ ကျပ်သာရှိခဲ့ပေမဲ့ အခုတော့ ဒေါ်လာနဲ့ ရွှေဈေးနှုန်းက လေးဆကျော်အထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
_________
ရန်ကုန်မြို့မှ ရွှေဆိုင်တစ်ဆိုင်အား ၂၀၂၄ ခုနှစ်၊ မေလ ၂၈ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
#ဒေါ်လာ #ရွှေ #ပြန်ကျ #လွတ်လပ်တဲ့အာရှအသံ #rfaburmese