ကမာရွတ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် အသွင်းပြောင်း မွေးမြူပြီးနောက် ခိုးမှု၊ ဖောက်ထွင်းမှု နှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာ

by

in

ကမာရွတ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးအဖြစ် အသွင်းပြောင်း မွေးမြူပြီးနောက် ခိုးမှု၊ ဖောက်ထွင်းမှု နှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာ
ရန်ကုန်၊ စက်တင်ဘာ ၉

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်တွင် စစ်တပ်က လူမိုက်၊ သူခိုးနှင့်ထောင်ထွက်များကို ပျူစောထီးများအဖြစ် အသွင်ပြောင်း မွေးမြူပြီးနောက် ကမာရွတ်မြို့ နယ်တစ်ဝန်းလုံးတွင် ခိုးမှု၊ ဖောက်ထွင်းမှုနှင့် လုယက်မှု အပါအဝင် ရာဇဝတ်မှုများ အလွန်များပြားလာကြောင်း ကမာရွတ်မြို့နယ်မှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ကမာရွတ်မြို့နယ်တွင် ကမာရွတ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် စိုးမင်းပိုင်က ဦးဆောင် ၍ လူငယ်များကို ဖမ်းဆီးစစ်ဆေး ခြိမ်းခြောက် ငွေညှစ်မှုများ လုပ်ဆောင်နေသကဲ့သို့ စစ်တပ်က သတင်းပေးနှင့် ပျူစောထီးများအဖြစ် မွေးမြူထားသော သူခိုး၊ လူမိုက်နှင့်ထောင်ထွက်များမှာလည်း အုပ်စုဖွဲ့၍ ရာဇဝတ်မှုများ ကျူး လွန်နေကြောင်း၊ အထူးသဖြင့် ကမာရွတ်တစ်မြို့နယ်လုံးတွင် ခိုးမှုနှင့် ဖောက် ထွင်းမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
စက်တင်ဘာလ ၃ ရက်နေ့နှင့် စက်တင်ဘာလ ၄ ရက်နေ့တို့တွင် ကမာရွတ်မြို့နယ်၊ ဇောတိကလမ်းထဲတွင် ကားများ သော့ဖျက်၍ ပစ္စည်းခိုးခံရပြီး အုပ်စုဖွဲ့၍ ခိုးမှုများ ကျူးလွန်နေကြောင်း၊ ရဲစခန်းသို့တိုင်ကြားသော်လည်း အကြောင်း မထူးဘဲ ခိုးမှုများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။
“အခုရက်ပိုင်း ညအချိန်တွေ ကမာရွတ် ၄ ရပ်ကွက်ထဲမှာ သူခိုးတွေ အရမ်း သောင်းကျန်းနေပါတယ်။ စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက် ညပိုင်းတွေမှာ ကားတွေကို သော့ဖျက်ပြီး ပစ္စည်းခိုးတာတွေ ‘ဆက်တိုက်’ ဖြစ်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် သူခိုးတွေဟာ ရပ်ကွက် တစ်ခုထဲမှာ ခိုးမှု ကျူးလွန်ပြီးရင် နောက်တစ်နေ့မှာ ပြန်လာလေ့ မရှိပါဘူး။ ဒါက ယေဘုယျ ကျပါတယ်။ ရပ်ကွက်ထဲက လူတွေက သတိရှိသွားတော့ အဖမ်းခံရနိုင်ခြေ ပိုများတာမို့ပါ။ ဒါပေမဲ့ ၄ ရပ်ကွက်မှာ သောင်းကျန်းနေတဲ့ သူခိုးတွေကတော့ ညတိုင်း တူညီတဲ့ ဧရိယာမှာပဲ လှုပ်ရှားနေတာပါ။ အဓိပ္ပါယ်ကတော့ သူတို့အတွက် ဒီနယ်မြေဟာ မီးသေတယ်၊ အေးဆေးပဲ၊ ဘာကိုမှ ဂရုစိုက်စရာ မလိုဘူးလို့ တထစ်ချ ယုံကြည်ထားတာကြောင့် ဖြစ်ပါလိမ့်မယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့အတူ ကမာရွတ်မြို့နယ်၊ ပြည်ရိပ်မွန်အိမ်ရာတွင်လည်း တိုက်ခန်းများ ဖောက်ထွင်းခံရခြင်း၊ ရေမော်တာ၊ စက်ဘီးနှင့် အိမ်များ ဖောက်ထွင်းခံရခြင်း၊ ကမာရွတ်ခုံးကျော်တံတားပေါ်တွင် ညအချိန် ဖုန်းလုခံရခြင်း၊ အိတ်လုခံရခြင်းများ ဆက်တိုက်ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။
“ကမာရွတ်ရဲစခန်းနဲ့အနီးဆုံး ပြည်ရိပ်မွန်အိမ်ရာမှာဆိုရင် ရေမော်တာတွေ ဖြုတ်အခိုးခံရတယ်။ စက်ဘီးတွေ ပျောက်တယ်။ ကမာရွတ်ခုံးကျော်တံတားဆိုတာက တံတားအဆင်းမှာ ရဲစခန်းရှိတယ်။ အဲဒီမှာ ခုံးကျော်တံတားပေါ်မှာ ညပိုင်း ဖုန်းအလုခံရတယ်။ အိတ်အလုခံရတယ်။ လူငယ်တွေဆိုရင် အရိုက်ခံရပြီး ပိုက်ဆံအိတ်အလုခံရတယ်။ အဲဒီလိုတွေဖြစ်နေတာ။ ဘာကြောင့်လဲမေးရင် ထောင်ထွက်၊ သူခိုးနဲ့ လူမိုက်တွေကို ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေ ပြန်ခန့်ထားတော့ အဲဒီလိုတွေ လက်ရဲဇက်ရဲ ဖြစ်နေတာ။ အဲဒီတံတားပေါ်မှာ ရိုက်အလုခံရလို့ ကျနော်တို့ ဆေးရုံပို့ပေးရတာတင် လူနာတွေ ၇ ဦး၊ ၈ ဦးရှိတယ်။ အရင်လက “ဟု ကမာရွတ်မြို့နယ် အခြေစိုက် လူမှုကူညီရေး အသင်းမှ ပရိတအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
ထို့ပြင် စစ်တပ်ကလည်း လူမိုက်၊ ထောင်ထွက်နှင့် သူခိုးများကို ကမာရွတ်မြို့နယ်ရပ်ကွက်များအတွင်း နိုင်ငံရေးလှုပ်ရှားသူများ၏ သတင်း၊ PDF ရဲဘော်များ သတင်းရရှိပါက ချက်ချင်းအကြောင်းကြားရန် ခေါ်ယူ အသိပေးထားပြီး ယင်းသို့ သတင်းပေးရန်အတွက် ၎င်းတို့ကျူးလွန်သော ရာဇဝတ်မှုများကို မျက်ကွယ်ပြုထားကြောင်း သိရှိရသည်။
” အခု စစ်တပ်သတင်းပေး လူမိုက်တွေ၊ သူခိုးတွေနဲ့ ထောင်ထွက်တွေက ချဲရောင်း၊ မူးယစ်ဆေးရောင်းလို့ရတယ်။ ရိုက်မှု၊ ခိုးမှု ၊ လုယက်မှုလောက်ကတော့ စစ်တပ်ကလည်း အရေးမလုပ်ဘူး။ ရဲတွေကလည်း မဖမ်းဘူး။ အဲဒီ ပျူစောထီးတွေကပဲ သူတို့ မကျေနပ်တဲ့လူတွေဆိုရင် PDF ဆိုပြီး ရဲစခန်းကို ညှောင့်၊ စစ်တပ်ကို ညှောင့်ပြီး အများပြည်သူကိုလည်း ဒုက္ခပေးကြတယ်။ ရပ်ကွက်ထဲမှာ သူခိုး၊ ထောင်ထွက်၊ လူမိုက် ပျူစောထီးတွေကို အဓိကကြောက်နေရတယ်” ဟု ကမာရွတ်မြို့နယ်၊ လှည်းတန်းစျေးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်နှင့်ရဲစခန်းက မွေးမြူထားသော ပျူစောထီးခေါ် ရာဇဝတ်မှု ကျူးလွန်သော နောက်ခံသမိုင်းကြောင်းရှိသူများသည် လက်ရှိတွင် လိုင်စင်မဲ့ ဆိုင်ကယ်များ တရားဝင် စီးခွင့်ရရှိထားပြီး သေနတ်နှင့် လက်ထိပ်များကိုလည်း ကိုင်ဆောင်ခွင့်ရရှိနေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က ကမာရွတ်မြို့နယ်မှ ထောင်ထွက်၊ သူခိုးနှင့်လူမိုက်များကို ပျူစောထီးအဖွဲ့ဝင်များ ခေါ်ယူ၍ ဂုဏ်ပြုပွဲ လုပ်ပေးနေစဉ်။