မန္တလေး၊ ပုသိမ်ကြီးနဲ့ အမရပူရမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးခေါ် စာရင်းကောက်၊ အဖွဲ့ထဲဝင်သူက လစဉ်ထောက်ပံ့ကြေး ရမှာဖြစ်ပြီး အဖွဲ့ထဲ မဝင်သူက လစဉ် ခွဲတမ်းကျ ငွေထည့်ရမယ်၊

by

in

မန္တလေး၊ ပုသိမ်ကြီးနဲ့ အမရပူရမှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးအဖွဲ့ ဖွဲ့ဖို့ အစည်းအဝေးခေါ် စာရင်းကောက်၊
အဖွဲ့ထဲဝင်သူက လစဉ်ထောက်ပံ့ကြေး ရမှာဖြစ်ပြီး အဖွဲ့ထဲ မဝင်သူက လစဉ် ခွဲတမ်းကျ ငွေထည့်ရမယ်၊
AN/MFP ၊ စက်တင်ဘာ – ၇

မန္တလေးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်မှာ စစ်အုပ်စုက ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အရံစစ်သားသစ် လိုက်လံ စုဆာင်းနေပြီး ရပ်ကွက်နဲ့ကျေးရွာတွေမှာ အစည်းအဝေးခေါ်ကာ အဖွဲ့ထဲဝင်ဖို့ စည်းရုံးတာ၊ နာမည်စာရင်းကောက်တာတွေ လုပ်နေတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အရံစစ်သားသစ် အဖွဲ့ထဲ ဝင်ရောက်သူတွေဟာ ပေါ်တာဆွဲခံရတာ၊ ဖမ်းဆီး ငွေညှစ်ခံရတာတွေက ကင်းလွတ်ခွင့်ရမှာ ဖြစ်သလို လစဉ်ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပြီး အဖွဲ့ထဲ မဝင်သူတွေကတော့ လစဉ်ခွဲတမ်းကျ ငွေကြေးပေးဆောင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလ၅ရက်နဲ့ ၆ရက်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက် ကျေးရွာအုပ်စုမှာ စစ်အုပ်စုနဲ့ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးက ဒေသခံတွေကို အစည်းအဝေးခေါ်ပြီး ရပ်ရွာ ကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ ဟောပြော စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
“တစ်ရပ်ကွက်ကို အမျိုးသား ရှစ်ယောက် ပါရမယ်။ ထောက်ပံ့ကြေး ပေးမယ်။ လက်နက် တပ်ဆင်ပေးမယ်။ ဘာမှ မလုပ်ရဘူး။ ကိုယ့်ရပ်ကွက်ကိုပဲ ကင်းစောင့်ရမှာလို့ ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရပ်ကျေးကာကွယ်ရေးအဖွဲ့ထဲကို မဝင်ရတဲ့ နေအိမ်တွေက လစဥ် အုပ်ချုပ်ရေးမှူးရုံးကို ထောက်ပံ့ကြေး ပေးဆောင်ရမယ်လို့ ပြောတယ်လို့ ဒေသခံက ဆက်ပြောပါတယ်။
အဲ့ဒီ အစည်းအဝေးကို စစ်သား၊ ရဲနဲ့ ထွေအုပ်က ဦးစီးကာ ပြုလုပ်တာ ဖြစ်ပြီး ပြည်သူအများစု မတက်တာကြောင့် နှစ်ရက်ခွဲကာ ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပုသိမ်ကြီးမြို့နယ်၊ မင်းကန်ကျေးရွာအုပ်စု၊ တောစုကျေးရွာမှာလည်း သြဂုတ်လ၂၄ရက်က စစ်အုပ်စုနဲ့ အုပ်ချုပ်ရေးမှူးတို့က ၁၈နှစ်ပြည့်ပြီးသူ ရှိတဲ့အိမ်တိုင်း တစ်အိမ်တစ်ယောက် မလာမနေရ အစည်းအဝေး ခေါ်ယူကာ ရပ်ရွာကာကွယ်ရေးအဖွဲ့ ဖွဲ့ဖို့ စာရင်းကောက်သွားတယ်လို့ ဒေသခံသတင်းရင်မြစ်က ပြောပါတယ်။
MFP ကို ပေးပို့လာတဲ့ စာမှာ အဲဒီ တောစုကျေးရွာက ပြည်သူ၇၀လောက်က သင်တန်းတက်ဖို့ စာရင်းပေးလိုက်တယ်လို့ ဆိုပါတယ်။
အဲ့ဒီ ရပ်ရွာလုံခြုံရေးအဖွဲ့ကို ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေး အဖွဲ့အဖြစ် စစ်အုပ်စုက ခေါ်ဝေါ်သုံးစွဲပြီး ပျူစောထီးအဖွဲ့ဝင်သစ် စုဆောင်းတာ၊ အရံစစ်သားသစ် စုဆောင်းတာနဲ့ အတူတူပဲလို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့စွန် ကျူးကျော်ရပ်ကွက်တွေ အပါအဝင် ပုသိမ်ကြီးနဲ့ အမရပူရမြို့နယ်ထဲ ပျူစောထီး အဖွဲ့ဝင်သစ်တွေလည်း လိုက်လံ စုဆောင်းနေပြီး ပုသိမ်ကြီးနယ် ကျေးရွာတွေက လူတချို့ကတော့ ပျူအဖွဲ့ထဲဝင်ဖို့ အလုအယက် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။
ပျူစောထီးတွေကို စစ်အုပ်စုက ဇိုး (ရပ်ကွက်လူမိုက်) အဖြစ် သတ်မှတ်ပေးကာ ရပ်ရွာအတွင်း လက်နက်ပြ မိုက်ကြေးခွဲခွင့်၊ စစ်အုပ်စုနဲ့အတူ ရှေ့တန်းလိုက်ပြီး နေအိမ်တွေ ဖောက်ထွင်းခိုးယူကာ လုယက်၊ လူသတ်၊ မီးရှို့ခွင့်နဲ့ ရပ်ရွာအတွင်း မူးယစ်ဆေးနဲ့ လောင်းကစားလုပ်ငန်း လုပ်ပိုင့်ခွင့်တွေ ခွင့်ပြု ပေးထားတာကြောင့် စစ်အုပ်စုထံက အခွင့်အရေး ရလိုသူ အများစုကလည်း ပျူအဖွဲ့ထဲဝင်ဖို့ အပြိုင်အဆိုင် ကြိုးစားနေကြတာလို့ မန္တလေးမြို့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ နေထိုင်သူတွေနဲ့ ပုသိမ်ကြီးနယ်ခံတွေက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စုက အသက် ၃၅ နှစ်အောက် လူငယ်လူရွယ်တွေကို တစ်မြို့နယ်ကို လူ ၁၅၀ ကနေ ၂၀၀ နှုန်း ပေါ်တာဆွဲကာ စစ်သားသစ် စုဆောင်းနေသလို နောက်ထပ် ပျူစောထီးအဖွဲ့နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့ အမည်ခံ အရံစစ်သားအဖွဲ့အတွက်လည်း လူစုနေတာ ဖြစ်ပါတယ်။
မန္တလေးမြို့ပေါ် လမ်းသွားလမ်းလာတွေကို လက်နက်ပြ မိုက်ကြေးခွဲနေတဲ့ ပျူတွေ/Photo – စစ်အုပ်စု
#Mandalay_Free_Press_MFP