တောင်ကိုရီးယားရှိ စစ်ကောင်စီသံရုံးတွင် စစ်ကိုင်းငလျင်ဘေးအတွက် လှူဒါန်းငွေများ အပါအဝင် ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားမှုဖြစ်ပွားပြီး သံရုံဝန်ထမ်း နှင်းဦးလှိုင်ကို ဖမ်းဆီးထား၊ သံအမတ် သန့်စင်လည်း ပါဝင်ပတ်သက်
ရန်ကုန်၊ ဇူလိုင် ၁၄
တောင်ကိုရီးယားရှိ စစ်ကောင်စီသံရုံးတွင် စစ်ကိုင်းငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံက လှူဒါန်းငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၇ သိန်းကျော် အလွဲသုံးစားမှုဖြစ်ပွားပြီး သံရုံးဝန်ထမ်းတစ်ဦးဖြစ်သော နှင်းဦးလှိုင်ကို စစ်ကောင်စီက နေပြည်တော်သို့ ပြန်လည်ခေါ်ယူ၍ ဖမ်းဆီးထားကြောင်း နေပြည် တော်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နီးစပ်သော အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ စစ်ကောင်စီသံရုံးတွင် စစ်ကိုင်းငလျင်ဘေးအတွက် ကိုရီးယားနိုင်ငံသားများက လှူဒါန်းထားသော ငွေများ၊ ဗီဇာနှင့်ကောင်စစ်ရေးရာ လုပ်ငန်းများမှ ရရှိထားသော ငွေများ၊ ကိုရီးယားရောက် မြန်မာအလုပ်သမားများထံမှ အခွန်ငွေနှင့် ပတ်စ်ပို့သက်တမ်းတိုးခ အဖြစ်ရရှိထားသော ငွေကြေးများ အပါအဝင် ပြည်သူပိုင်ငွေကြေး အမေရိကန်ဒေါ်လာ ၇ သိန်းကျော်ကို ၂၀၂၃ ခုနှစ် မှ ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်း အကြိမ်ကြိမ် လိမ်လည်ထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထုတ်ယူမှုကို စစ်ကောင်စီသံရုံးမှ ဝန်ထမ်း နှင်းဦးလှိုင်က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် ၂၀၂၅ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် နှင်းဦးလှိုင်ကို နေပြည်တော်သို့ ပြန်လည်ခေါ်ယူခဲ့ပြီး ယခုအခါ ဖမ်းဆီးအရေးယူထားကြောင်း၊ ၎င်းနေထိုင်ရာ အိမ်ကို စစ်ဆေးရာ ရွှေ၊ ငွေများ အပါအဝင် အမေရိကန်ဒေါ်လာ ၃ သိန်းတန်ဖိုးခန့် ကို စစ်ကောင်စီက ပြန်လည် သိမ်းဆည်းရရှိထားကြောင်း သိရှိရသည်။
နှင်းဦးလှိုင်၏ ငွေကြေးလိမ်လည်မှုမှာ စစ်ကောင်စီသံအမတ် သန့်စင် မသိရှိဘဲ မလုပ်ဆောင်နိုင်ကြောင်း၊ သံအမတ် သန့်စင်မှာ ကြံရာပါအဖြစ် ပါရှိနိုင်ပြီး စစ်ကောင်စီက သံအမတ် သန့်စင်ကို မြန်မာပြည်သို့ ပြန်လာရန် ခေါ်ယူထားသော်လည်း လက်ရှိ တောင်ကိုရီးယားနှင့် မြန်မာစစ်ကောင်စီ အကြား ဆက်ဆံရေးမှာ အဆင်မပြေဖြစ်နေကြောင်း၊ ထို့ကြောင့် နောက်ထပ် သံအမတ် ထပ်မံ စေလွှတ်ခန့်အပ်ရန်မှာ အခက်အခဲများရှိနေသဖြင့် သံအမတ် သန့်စင်ကို ပြန် လည် ခေါ်ယူရေးမှာ အကြောင်းပြချက်များစွာဖြင့် ကြန့်ကြာနေသည့် အခြေ အနေရှိကြောင်း သိရှိရသည်