ဧရာဝတီတိုင်းအတွင်းရှိ တိုက်ပွဲများတွင် AA အနိုင်မရရှိစေရန်အတွက် တိုင်းဝန်ကြီးချုပ်က ဘုရားများတွင် လိုက်လံယတြာချေနေ

ဧရာဝတီတိုင်းမ်
ဇူလိုင် ၁၂ ရက်

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) အနိုင်ရရှိနေမှုကို တားဆီးရန်အတွက် စစ်ကောင်စီ၏ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဘုရားများတွင် ယတြာချေမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် စစ်တိုင်းမှူး စိုးကျော်ထက်တို့သည် ပုသိမ်မြို့ရှိ ဘုရားစေတီများတွင် အရေးပေါ်ယတြာချေနေမှုများကို ဇူလိုင်လ ၇ ရက်နေ့မှစ၍ ‌ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“၈ ရက်နေ့ညဘက်မှာ မော်တင်စွန်းဆံတော်ရှင်စေတီမှာ ယတြာတွေကိစ္စတွေ ဆောင်ရွက်ကြတယ်။ မြို့ပေါ်က နာမည် ကြီးစေတီတိုင်းမှာ AA ရှုံးနိမ့်ဖို့ ယတြာ တွေချေတယ်”ဟု ပုသိမ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောစေတီအပါအဝင် မော်တင်စွန်းဆံတော်ရှင်၌ပါ ယတြာကိစ္စများ ဆောင်ရွက် နေကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင် ၁၁ ရက်နေ့ ညနေ့ပိုင်းကလည်း ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ကိုးသိန်းကွင်းတွင် အသက် ၁၈ နှစ် အောက် ဘောလုံးပြိုင်ပွဲကျင်းပရာ ဧရာဝတီတိုင်းအသင်း နှင့် ရခိုင်ပြည်နယ်အသင်းတို့ ကစားသည့်ပွဲတွင် ယတြာချေသည့်အနေဖြင့် ရခိုင်ပြည်နယ်အသင်းမှ ဧရာဝတီတိုင်းအသင်းကို ပြန်လည်ချေပဂိုးမသွင်းခိုင်းထားဘဲ အရှုံးခံရမည်ဟုပြောဆိုထားခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဧရာ၀တီတိုင်းအသင်းက ရခိုင်ပြည်နယ်အသင်းကို ၉-၀ ဖြင့် အနိုင်ရရှိသွားကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းအချို့ သိမ်းပိုက်ခံရ ပြီးနောက် ယခုကဲ့သို့ယတြာချေမှုများ ပြုလုပ်လာခြင်းဖြစ်ပြီး ယတြာချေသည့် ဇူလိုင် ၇ ရက်နေ့ ညပိုင်းတွင်ပင် လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ်တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ကာ စစ်ကောင်စီက လေကြောင်းမှအတွဲလိုက်ဗုံးများ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းအတွင်း ဖြစ်ပွားနေသည့် စစ်ရေးသတင်းများကို နှစ်ဖက်တပ်ဖွဲ့များက သတင်းဖုံးဖိထားပြီး စစ်ကောင်စီက ကျေးရွာအချို့ကို ပိတ်ဆို့ကာ အဝင်အထွက်များကို တားဆီးထားကြောင်း လက်ရှိတွင် ပန်းတောကြီး၊ ကျောက်စရစ်ကုန်း၊ မကျီးပင်ကွင်း၊ လက်တန်ငယ်တို့တွင် တိုက်ပွဲများရှိနေကြောင်း သိရသည်။

ဓာတ်ပုံ-အင်တာနက်
ပုံစာ- ဧရာ၀တီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်း။

Continue Reading