စစ်သား ၁၀၀ နီးပါး ထွက်ပြေးသွားသော ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှ လက် နက်ခဲယမ်းအများအပြား ရရှိ၊ ထိုင်း-မြန်မာနယ်စပ် တစ်ခုလုံးကို သိမ်းပိုက်ရန် စစ်တပ်စခန်း ၂ ခုသာ ကျန်တော့

စစ်သား ၁၀၀ နီးပါး ထွက်ပြေးသွားသော ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှ လက် နက်ခဲယမ်းအများအပြား ရရှိ၊ ထိုင်း-မြန်မာနယ်စပ် တစ်ခုလုံးကို သိမ်းပိုက်ရန် စစ်တပ်စခန်း ၂ ခုသာ ကျန်တော့
ရန်ကုန်၊ ဇူလိုင် ၁၃

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းအများအပြား ရရှိကြောင်း KNU နှင့် Cobra Column စစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထစစ်ကောင်စီစခန်းကို KNLA၊ PDF ဗျူဟာ ၃၂ တော်လှန်ရေးတပ်ဖွဲ့များ၊ VENOM စစ်ကြောင်း ၊ပူးပေါင်းတပ်ဖွဲ့များ နှင့်အတူ Cobra Column စစ်ကြောင်း ၁ ၊ တပ်ခွဲ ၂(PKYY) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် ၆၀ မမ အပါအဝင် လက်နက်ကြီးများနှင့် အခြား လက်နက်ခဲယမ်း အများအပြားအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
လွန်ခဲ့သော ၃ နှစ်ဝန်းကျင် အဆိုပါ ဥကရစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ရာ အောင်မြင်မှုမရခဲ့သဖြင့် စစ်ကောင်စီက သက်ရှိစည်းရိုး ဆိုသော နာမည်ဖြင့် စစ်တပ် ဝါဒဖြန့် ဇတ်လမ်း ရိုက်ကူး ပြသခဲ့သော စခန်းလည်းဖြစ်သည်။
ယမန်နေ့ ဇူလိုင် ၁၂ ရက်နေ့ တော်လှန်ရေးတပ်ဖွဲ့များက ဥကရစ်ထစခန်းပေါ်သို့ တက်ရောက်သိမ်းပိုက်နိုင်ခဲ့ရာတွင် အလောင်း ၁ လောင်း၊ စစ်သား ၁ ဦး အရှင်ဖမ်းဆီးရရှိခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ နီးပါးမှာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားခဲ့ကြသည်။
KNU က ထိုင်း-မြန်မာနယ်စပ်တစ်ခုလုံးကို ထိန်းချုပ် သိမ်းပိုက်ရန် စစ်ကောင်စီ တပ်စခန်း ၂ ခု သာ သိမ်းပိုက်ရရှိရန် ကျန်ရှိတော့ပြီး အဆိုပါစခန်းများမှာ ဝေါ်လေဗျူဟာကုန်းနှင့် တီသဲလယ် စစ်တပ်စခန်း တို့ဖြစ်သည်။
KNU က မတ်လ၊ ဧပြီလ၊ မေလ၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် ထိုင်း-မြန်မာနယ်စပ်အနီးမှ စစ်ကောင်စီ၏ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်းများ၊ မယ်လ၊ ဘလက်ဒို၊ မော်ခီး၊ ဘုရင့်နောင်စခန်းကုန်း၊ ကနဲလေးစခန်းနှင့် ရွှေအေးမြိုင်တပ်စခန်း၊ ဇွန်လ ၃ ရက်နေ့တွင် သေ့ဘောဘိုးစခန်း၊ ဇွန်လ ၂၂ ရက်နေ့တွင် ထီးကပလယ်စခန်း၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် ဥကရစ်ထစခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။