ကလေးမြို့ကနေ ချင်းပြည်တက်တဲ့ စစ်အုပ်စု ခြေကုပ်ယူထားတဲ့ မွာလ်ပီးစခန်းကို သိမ်းပိုက်ရရှိ၊
စစ်အုပ်စု ၃၀ ကျော် သေကာ လက်နက်တွေ ရပြီး တော်လှန်ရေးရဲဘော် ခုနှစ်ဦး ကျဆုံး၊
တစ်လခွဲကြာ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၅၀ ကျော် သေဆုံးကာ သုံ့ပန်း ၅၀ ကျော် ဖမ်းမိပြီး တော်လှန်ရေး ရဲဘော် ၁၂ ဦး ကျဆုံး၊
ကိုသူ/MFP၊ ဇူလိုင် -၆
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည် တီးတိန်မြို့ဘက် အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်အုပ်စုတွေ ခြေကုပ်ယူ အထိုင်စခန်းဖွင့်ထားတဲ့ တီးတိန်မြို့နယ် မွာလ်ပီးရွာ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု ၃၀ ကျော် သေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိသလို တော်လှန်ရေး ရဲဘော် ခုနှစ်ဦးလည်း ကျဆုံးတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
ဗျူဟာမှူး ဗိုလ်မှူးကြီးအဆင့် ဦးဆောင်တဲ့ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး ၃၀ ဦး၊ တပ်ကြပ်ကြီး ၁၀ ဦး၊ ဆေးတပ်သား ၂၀ ဦး၊ ဒရုန်းတပ်သား ၃၀ ဦး၊ စုစုပေါင်း အင်အား ၅၀၀ ကျော်ပါ စစ်အုပ်စုဟာ မေလ ၂၀ရက်မှာ ကလေးမြို့ကတဆင့် ကလေး- တီးတိန် ကားလမ်း၊ ကလေး- ခိုင်ကမ်း ဆင်စခန်းတွေကနေ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အဲ့ဒီ စစ်အုပ်စုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ၂၀ ရက်ကနေ ဇူလိုင် ၅ရက်အထိ တစ်လခွဲခန့်ကြာ ဝိုင်းပတ်ပိတ်ဆို့ တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၅ရက်မှာ စစ်အုပ်စု ခြေကုပ်ယူ တပ်စွဲထားတဲ့ တီးတိန်မြို့နယ်၊ မွာလ်ပီးရွာ စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အလောင်းက နယ်မြေရှင်းလင်းရေး လုပ်တော့ ၁၀ လောင်း တွေ့တယ်။ အနည်းဆုံးတော့ သေတာက ၃၀ ကျော် ရှိပါမယ်၊ လက်နက်ကြီး၊ လက်နက်ကြီးငယ်တွေ သိမ်းဆည်း ရရှိထား ရှိတယ်”
လက်ရှိမှာ မွာလ်ပီးကျေးရွာ စစ်အုပ်စု စခန်းကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး စစ်အုပ်စု သေဆုံးစာရင်းနဲ့ သိမ်းဆည်းရရှိတဲ့ လက်နက်စာရင်းကို အတည်ပြု ထုတ်ပြန်မယ်လို့ ဆိုပါတယ်။
အဲ့ဒီ မွာလ်ပီးစခန်းသိမ်း တိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော် ခုနှစ်ဦး ကျဆုံးခဲ့ပြီး ၁၅ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“စကစက ကလေးဘက် ပြန်ဆုတ်သွားတယ်၊ အခုနယ်မြေ ရှင်းလင်းရေး လုပ်ဆောင်နေပါတယ်”
တစ်လခွဲအတွင်း ကလေးမြို့ကနေ မွာလ်ပီးရွာအထိ ၁၅ မိုင်ခန့်သာ ခရီးပေါက်ခဲ့တဲ့ စစ်အုပ်စုဟာ လက်ရှိမှာ အထိအခိုက် အကျအဆုံးများစွာနဲ့ ကလေးမြို့ဘက် နောက်ပြန်ဆုတ် ထွက်ပြေးသွားပြီလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ချင်းပြည်၊ တီးတိန်မြို့နယ်၊ ကလေး-တီးတိန်လမ်းမှာ စစ်အုပ်စုနဲ့ ချင်း တော်လှန်ရေးတပ်တွေ တစ်လခွဲကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်အုပ်စု ၅၀ ကျော် သေဆုံးကာ သုံ့ပန်း ၅၀ ကျော် ဖမ်းဆီးရမိပြီး တော်လှန်ရေးရဲဘော် ၁၂ ဦး ကျဆုံးခဲ့တယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
အဲ့ဒီလို ကလေးမြို့ကနေ ချင်းပြည်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု အင်အား ၅၀၀ ကျော်အနက် အများစုဟာ အတင်းအဓမ္မ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းခံရသူတွေလို့ ယူဆရပြီး သေဆုံးသူတွေ ထဲမှာလည်း စစ်မှုထမ်း တပ်သားသစ်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာတော့ ချင်းတော်လှန်ရေးတပ်တွေက ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ တွန်းဇံ၊ ကျီခါး၊ ရိဒ်ခေါ်ဒါရ်၊ လိုင်လင်းပီ၊ ကျင်ဒွေး၊ မကွီးအိမ်နူး၊ နှာရိန်၊ ရေဇွာ၊ ဝေဘူလ၊ ဆူရ်ခွား မြို့တွေကို သိမ်းပိုက် ထိန်းချုပ်ထားပြီး ပလက်၀မြို့နဲ့ ဆမီးမြို့တွေကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက် ထိန်းချုပ် ထားပါတယ်။
လက်ရှိမှာ ချင်းပြည်ရဲ့ မြို့တော် ဟားခါး အပါအဝင် ထန်တလန်၊ ခိုင်ကမ်းနဲ့ တီးတိန်မြို့ လေးမြို့မှာသာ စစ်အုပ်စု စခန်းကျန်ရှိတော့ပြီး ချင်းပြည်တဝှမ်း စစ်အုပ်စု ကင်းစင်ရေး အမြန်ဆုံး လုပ်ဆောင်မယ်လို့ ချင်းပြည် တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ဖော် ပြောဆိုထားပါတယ်။
ချင်းပြည်၊ တီးတိန်မြို့နယ်၊ မွာလ်ပီးစခန်းသိမ်းတိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်တွေ/Photo – Chinland Channel