မကွေးနှင့်ရခိုင်ကို ဆက်ထားသည့် အမ်း-ပဒါန်းလမ်းပိုင်းအပါအဝင် လမ်းပိုင်း ၂ ခုမှာ စစ်ရေးဖော်ဆောင်မှုတွေ လုပ်ဆောင်နေ၊ စစ်ကောင်စီတပ်မှ ၂၅ ဦးထက်မနည်းသေဆုံးပြီး ၆၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့…
ဇူလိုင် ၆ ၊ ၂၀၂၅
မကွေးတိုင်း၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်အတွင်းက အဓိကလမ်းပိုင်း ၂ ခုမှာ လုပ်ဆောင်ခဲ့တဲ့ စစ်ရေးဖော်ဆောင်မှုတွေထဲ စစ်ကောင်စီတပ်က ၂၅ ယောက်ထက်မနည်းသေဆုံးပြီး အယောက် ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
ပြီးခဲတဲ့ မတ်လကုန်စလို့ မေလကုန်အထိ ရက်သတ္တပတ် ၈ ပတ်အတွင်း မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေမှာ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့အတူ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တို့က ဖြတ်တောက်တိုက်ခိုက်မှု ၆ ကြိမ်နဲ့ မိုင်းဆွဲတိုက်ခိုက်မှု ၂ ကြိမ်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဧရာဝတီမြစ်အနောက်ခြမ်း၊ အမ်း-ပဒါန်းလမ်းပိုင်းနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းတွေကို အသုံးပြုရင်း အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေရာ ရခိုင်ရိုးမပေါ်က နတ်ရေကန်ဗျူဟာစခန်းအတွက် စစ်အင်အားတွေ ပို့ဆောင်နေတဲ့ စစ်ကောင်စီတပ်တွေကို ဖြတ်တောက်တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။
စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာ ကပစ (၂) ၊ (၁၀) နဲ့ (၁၃) တို့ရှိနေတဲ့ အထက်မင်းလှမြို့နယ်ဟာ စစ်ကောင်စီအတွက် ခံစစ်တစ်ခုအနေနဲ့ ရှိတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူကိုရန်ကြီးအောင်က ပြောပါတယ်။
“အထက်မင်းလှမှာ ကပစ လို့ခေါ်တဲ့ လက်နက်စက်ရုံတွေရှိတဲ့အပြင် လေယာဥ်ဆီ ထုတ်နိုင်တဲ့စက်ရုံပါရှိတယ်။ နောက်ပြီး အမ်း-ပဒါန်းနဲ့ ပုံသိမ်-မုံရွာလမ်းပိုင်းတွေကနေ ရခိုင်နဲ့မကွေးကြားက သူတို့စခန်းတွေဆီ ရိက္ခာတွေ ပို့တယ်။ ဒီအတွက် အထက်မင်းလှက သူတို့ (စခ) အတွက် ခံစစ်ပါပဲ။ ပြောရရင် သူတို့ရဲ့ ဝမ်းဗိုက်ပါ။ ကျနော်တို့ကလည်း ရန်သူ့အရှိုက်နေရာဖြစ်တဲ့ ဝမ်းဗိုက်ကို ထိုးနိုင်အောင်ကြိုးစားနေတဲ့သဘောပါ။ ” လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင် က မောင်းသတင်းဌာနကို ပြောပါတယ်။
အထက်မင်းလှပကဖနဲ့အတူ တိုက်ပွဲတွေဖော်ဆောင်နေတဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) က တာဝန်ရှိသူကလည်း “အားလုံးနဲ့ပူးပေါင်းပြီးစစ်ဆင်ရေးတွေကို ဟန်ချက်ညီညီလုပ်ဆောင်နေပါတယ်။ ကျနော်တို့ ကြေညာချက်ထုတ်ထားတဲ့ လမ်းပိုင်းတွေက ရန်သူအတွက်ရော ကျနော်တို့အတွက်ရောအရေးပါလို့စိုးမိုးရရှိနိုင်ဖို့ကြိုးစားနေကြတာပါ” လို့ မောင်းသတင်းဌာနကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း အထက်မင်းလှမြို့နယ်အတွင်းက ကျေးရွာတွေကို ၁၀ကြိမ်ထက်မနည်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သလို စစ်ရေးနဲ့ မသက်ဆိုင်တဲ့ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တဲ့အတွက် အရပ်သား ၁ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ အရပ်သား ၉ ယောက်ကိုလည်း အဓမ္မစစ်မှုထမ်းစေဖို့အတွက် ကျေးရွာတွေထဲအထိ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
“စစ်ကြောင်းလာရင်တော့ ကျနော်တို့စီမံခန့်ခွဲမှု ဦးဆောင်မှုအောက်မှာ ပြည်သူတွေက ညီညီညွတ်ညွတ်နဲ့ ပူးပေါင်းပါဝင်ပေးတဲ့အတွက် အထိအခိုက် အပျက်အစီးနည်းခဲ့တယ် ပြောရပါမယ်။ စစ်ကြောင်းဝင်လာတုန်းကဆို ပြည်သူတွေ သောင်းနဲ့ချီ ရှောင်ခဲ့ရပါတယ်။” လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုရန်ကြီးအောင် က ပြောပါတယ်။
အခုလိို လမ်းပိုင်းတွေအတွင်း စစ်ကောင်စီတပ်တွေကို ဖြတ်တောက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ရာမှာ မလိုလားအပ်တဲ့ ထိခိုက်မှုတွေ မရှိအောင် လုပ်ဆောင်နိုင်ဖို့လည်း အခက်အခဲတွေ ကြုံနေရတဲ့အတွက် အရပ်သားတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ သွားလာရေးဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ စေတနာဝန်ထမ်းတွေအနေနဲ့လည်း လမ်းပိုင်းတွေကို အသုံးပြုသွားလာရာမှာ မိမိရဲ့လုံခြုံရေးအတွက် သက်ဆိုင်ရာတော်လှန်ရေးတပ်တွေရဲ့ စည်းကမ်းတွေကို လိုက်နာရင်း ချိတ်ဆက်ပူးပေါင်းဆောင်ရွက်စေလိုတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) တို့က သတင်းထုတ်ပြန်ထားပါတယ်။
ပုံစာ – အထက်မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA) မှ တပ်ဖွဲ့ဝင်များ