ပခုက္ကူမြို့ လေယာဉ်ကွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးနိုင်ပြီး လေယာဉ်ပြေးလမ်းများ ပျက်စီး
ရန်ကုန်၊ ဇူလိုင် ၆
မကွေးတိုင်း၊ ပခုက္ကူမြို့ လေယာဉ်ကွင်းကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးနိုင်ပြီး လေယာဉ်ပြေးလမ်းများလည်း ပျက်စီးခဲ့ကြောင်း ပခုက္ကူ ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE တပ်ဖွဲ့မှ ဗိုလ်မြွေဟောက်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၈ မိနစ်ခန့်တွင် ပခုက္ကူမြို့ လေယာဉ်ကွင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ် ၁၀ လုံးနှင့် ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
ထိုသို့ တိုက်ခိုက်ခြင်းသည် ယင်းလေယဉ်ကွင်းသည် Y-12 အမျိုးအစား လေယာဉ်နှင့် စက်တပ် လေထီးများဖြင့် ပြည်သူများကိုအကြောင်းမဲ့ ဗုံးကျဲသတ်ဖြတ်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားပြီး ပြည်သူများကို စစ်ကြောင်းထိုးပြီး ပစ္စည်းယူကာ လူသတ်နေသောကြောင့် သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ရော့ကတ် ၁၀ လုံး အနက် ၅ လုံးသည် လေယာဉ်ကွင်းအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၃ ဦး ထိခိုက် ဒဏ်ရာရရှိကာ ၃ ဦးမှာ သေဆုံးနိုင်ကြောင်း၊ ထို့ပြင် လေယာဉ်ပြေးလမ်းများလည်း ပျက်စီးသွားပြီး အကြမ်းဖက် စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။
“၃ ကောင်ကတော့ သေနိုင်လောက်တယ်။ ရော့ကတ် ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ရော့ကတ် ၅ လုံးမှာ ရန်သူရဲ့ လေယာဉ်ကွင်းထဲကို ကျရောက် ဖောက်ကွဲပြီးတော့ လေယာဉ်လမ်း ပျက်တာနဲ့ ၁၃ ဦး ဒဏ်ရာရရှိထားတယ်လို့ သိရတယ်။ ၁၃ ဦးထဲမှာ ၃ ဦးကတော့ သေနိုင်တယ်။ ကျနော်တို့ တိုက်ခိုက်မှုအတွင်းမှာတော့ ရန်သူဘက်ကနေပြီတော့ လက်နက်ငယ်တွေ လက်နက်ကြီးတွေနဲ့ ကျွန်တော်တို့ဘက်ကို ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ဒါပေမယ့် ကာကွယ်ရေး ရဲဘော်အနေနဲ့ အထိအခိုက်မရှိဘဲ အောင်မြင်စွာနဲ့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ ရော့ကတ် တင်မကဘဲ ကျွန်တော်တို့ ၆၀ မမ၊ အစစ်တွေနဲ့ ညှပ်ပြီးတော့ ပစ်ခတ်တိုက်ခဲ့တာဖြစ်ပါတယ်” ဟု ပခုက္ကူ ပကဖ လက်နက်ကြီး တပ်ဖွဲ့ COBRA ONE တပ်ဖွဲ့ ဗိုလ်မြွေဟောက် ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ပခုက္ကူမြို့နယ် ပကဖ လက်နက်ကြီးတပ်ဖွဲ့ COBRA ONE ၊ ပခုက္ကူမြို့နယ်တပ်ရင်း ၁ ပကဖ၊ Colum 1 ၊ BA NYEIN GUERRILLA FORCE ၊ ခရိုင် ပကဖ တပ်ခွဲ (၅)ဧရာဒေါင်း နယ်မြေ (၁)ကာကွယ်ရေး Ploplo young force၊ ဒေါင်းညီနောင် (PKU) ၊ Southern (YSO)၊ Yesagyo Revolution Group (YRG) ၊ ပြည်သူအားမာန် (YSO) ၊ King Cobraတို့က ပူးပေါင်း လုပ်ဆာင်ခဲ့ကြကြောင်းသိရှိရသည်။